အာဆင်နယ်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်သူ ကိုင်း ဟာဗက်ဇ်က သူ့အနေနဲ့ သူတို့အသင်းနဲ့ အနီးစပ်ဆုံး ပြိုင်ဘက်တွေဖြစ်တဲ့ လီဗာပူးလ် မန်စီးတီးအသင်းတို့ရဲ့ ရလဒ်တွေကို စိတ်မဝင်စားပဲ ကိုယ့်အသင်း ရလဒ်ကောင်းဖို့အတွက်ကိုသာ အပြည့်အဝ အာရုံစိုက်ထားတယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဂျာမနီ လက်ရွေးစင် တိုက်စစ်ကစားသမား ဟာဗက်ဇ်ဟာ ဒီရာသီမှ ချယ်လ်ဆီးကနေ အာဆင်နယ်အသင်းဆီကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အခုဆိုရင်တော့ အာဆင်နယ်အတွက် အတော်လေး အရေးပါတဲ့ ကစားသမားတစ်ယောက်ပါ ဖြစ်လာနေခဲ့ပါတယ်။

Photo Credit : Forbes

ရာသီအစတုန်းက ရုန်းကန်မှုတွေ ရှိခဲ့ရပေမယ့်လည်း လက်ရှိမှာတော့ ဟာဗက်ဇ်က အာဆင်နယ်အတွက် (၄၂)ပွဲ ကစားထားပြီးချိန်မှာ (၁၀)ဂိုးသွင်း (၅)ဂိုး ဖန်တီးထားနိုင်ခဲ့ပြီး နောက်ဆုံး ပါဝင်ထားတဲ့ (၅)ပွဲအတွင်းမှာလည်း (၂)ဂိုးသွင်း (၁)ဂိုး ဖန်တီးပေးထားသလို အကောင်းဆုံး စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။

မနေ့ညက ဘရိုက်တန်ကို ဂိုးပြတ် အနိုင်ယူခဲ့တဲ့ ပွဲစဉ်ထဲ ဒုတိယမြောက် သွင်းဂိုးကိုပါ သွင်းယူခဲ့သေးတဲ့ ဟာဗက်ဇ်က “မန်စီးတီးပွဲက ကျွန်တော်တို့အတွက် ဖိအား ဖြစ်ခဲ့သလားဆိုတော့ အရိုးသားဆုံး ပြောရရင် ကျွန်တော်တို့ အဲ့ဒီပွဲအကြောင်းကိုတောင် မပြောခဲ့ပါဘူး။ ကျွန်တော်တို့တွေ ကိုယ့်အသင်းအပေါ်ပဲ အာရုံစိုက်ထားပြီး အနိုင်ရအောင် ကစားဖို့ပဲ တွေးထားခဲ့တယ်။”

Photo Credit : DAZN

“ဒါကသာ တခြားပွဲရလဒ်တွေ စောင့်ကြည့်နေတာထက် ပိုအရေးပါတဲ့ ကိစ္စလို့ ထင်မိပါတယ်။ ကျွန်တော်တို့ရဲ့ပွဲတွေကို အနိုင်ရအောင် ကစားရပါမယ်။ စိန်ခေါ်မှုတိုင်းအတွက်ကိုလည်း ကျွန်တော်တို့ အဆင်သင့် ရှိနေပြီး အပတ်တိုင်း သူတို့ရဲ့ limit အတိုင်း ကစားနိုင်ပြီး အဲ့ဒီထက်လည်း ပိုကောင်းအောင် ကစားနိုင်မှာပါ။”

“အခုဆိုရင် ကျွန်တော်တို့မှာ ကစားသမားတွေလည်း ပြန်လည် စုံလင်နေပါပြီ။ ကစားသမားတိုင်းရဲ့ အသင်းအတွက် ပါဝင် ပတ်သက်နိုင်မှုကလည်း လုံးဝ အံ့မခန်းပါပဲ။ ကျွန်တော်တို့တွေ ဒီအတိုင်း ဆက်သွားရမှာပါ။ ဒီကြားရက်မှာလည်း နောက်ထပ် ပွဲကြီးတစ်ပွဲ ကစားရမှာမို့ အခုတိုင်း ဆက်သွားရပါလိမ့်မယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။