ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ တိုက်စစ်မှူး ကိုင် ဟားဗက်ဇ်က သူဟာ ဒီရာသီမှာ မကြာခဏ အထောင်တိုက်စစ်မှူး အဖြစ် ကစားခဲ့ရပေမယ့် သူနဲ့ အလိုက်ဖက်ဆုံး နေရာက နောက်ဆုံး ၂ပွဲမှာ ကစားခဲ့တဲ့ နံပါတ်(၁၀) နေရာသာ ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၄နှစ် အရွယ် ဂျာမဏီလက်ရွေးစင် တိုက်စစ်မှူး ကိုင် ဟားဗက်ဇ်က ယခုနှစ် ဘောလုံးရာသီ အစကမှ ချယ်လ်ဆီး ကနေ မြို့ခံပြိုင်ဘက် အာဆင်နယ်ဆီ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး အာဆင်နယ်က သူ့အတွက် ပြောင်းရွှေ့ကြေး ယူရို ၇၅သန်း အထိ ပေးချေခဲ့ရပါတယ်။

Photo Credit: Goal

ဟားဗက်ဇ်က ချယ်လ်ဆီးမှာ အထောင်တိုက်စစ်မှူး အဖြစ် ကစားခဲ့တာကြောင့် အာဆင်နယ်ဆီ ရောက်ရှိချိန်မှာလည်း အာဆင်နယ်နည်းပြ အာတီတာက သူ့ကို အထောင်တိုက်စစ် နေရာမှာ ကစားခိုင်းခဲ့ပေမယ့် ဟားဗက်ဇ်ကတော့ အထောင်တိုက်စစ်မှူး အဖြစ် ခြေစွမ်းကောင်းတွေ ပြသဖို့ ရုန်းကန်ခဲ့ရပြီး သူက ပထမရာသီဝက် အတွင်းမှာ သွင်းဂိုး ၅ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ နောက်ဆုံး ကစားခဲ့တဲ့ ဝက်စ်ဟမ်း ၀-၆ အာဆင်နယ် ၊ ဘန်လေ ၀-၅ အာဆင်နယ် စတဲ့ ပွဲစဉ်တွေမှာ အာတီတာက ထရော့ဆက်ကို အထောင်တိုက်စစ်မှူး အဖြစ် ကစားစေကာ ဟားဗက်ဇ်ကို ထရော့ဆက်ရဲ့ နောက်မှာ နံပါတ်(၁၀) ကစားသမား အဖြစ် နေရာယူ ကစားခိုင်းခဲ့ပါတယ်။

Photo Credit: Sky Sports

နံပါတ်(၁၀) ကစားသမား အဖြစ် ကစားရချိန်မှာ ကိုင် ဟားဗက်ဇ်က သူ့ရဲ့ ခြေစွမ်းကောင်းတွေကို ထုတ်ပြနိုင်ခဲ့ပြီး သူက ဝက်စ်ဟမ်းနဲ့ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ဂိုးကန်သွင်းမှု ၂ကြိမ်နဲ့ အခွင့်အရေး ဖန်တီးမှု ၃ကြိမ် ရရှိခဲ့သလို ဘန်လေနဲ့ ပွဲစဉ်မှာလည်း အသင်းအတွက် သွင်းဂိုး ၁ဂိုး သွင်းယူပေးနိုင်ခဲ့ကာ အသင်းဖော်တွေ အတွက် အခွင့်အရေး ၁ကြိမ် ဖန်တီးပေးနိုင်ခဲ့ပါတယ်။

နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ကိုင် ဟားဗက်ဇ်က သူ့အတွက် အသင့်တော်ဆုံး နေရာဟာ နံပါတ်(၁၀)နေရာ ဖြစ်ကြောင်း ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။ ဟားဗက်ဇ်က – “ကျွန်တော်ကတော့ တိုက်စစ်မှူးရဲ့ အနောက်မှာ ကစားရတာက ကျွန်တော့်အတွက် အသင့်တော်ဆုံးပဲလို့ ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်က ဘယ်နေရာမှာ ကစား ကစား အမြဲတမ်း အားကုန်ထုတ် ကစားလေ့ ရှိပါတယ်။ ကျွန်တော် ကြိမ်ဖန်များစွာ ပြောခဲ့သလိုပါပဲ။ ကျွန်တော်က ဘယ်နေရာမှာပဲ ကစားရ ကစားရ အဆင်ပြေပြေ ကစားနိုင်ပါတယ်။ ကျွန်တော်က ကစားခွင့်ကိုပဲ လိုချင်တာပါ။ တနေရာထဲမှာပဲ ကစားချင်တယ်လို့ ပြောမယ့် ကစားသမားမျိုး မဟုတ်ပါဘူး။ ကျွန်တော်က နေရာပြောင်းပြီး ကစားရတာကို ကြိုက်တယ်။ ဘယ်နေရာမှာမဆို ကစားနိုင်တာကိုလည်း သဘောကျပါတယ်။ နေရာစုံမှာ ကစားနိုင်တာက ကျွန်တော့်ရဲ့ အားသာချက် တခုလို့ ပြောရင် ရမယ် ထင်ပါတယ်။ ကျွန်တော်က ဘယ်နေရာမှာပဲ ကစားရ ကစားရ ၁၀၀ရာခိုင်နှုန်း ပေးဆပ် ကစားသွားမှာပါ” လို့ ပြောကြားသွားခဲ့တာပါ။