ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ အဓိက တိုက်စစ်ကစားသမား ကိုင် ဟားဗက်က သူဟာ ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ဆီ ပြောင်း​ရွှေ့တော့မယ် ဆိုတဲ့ သတင်းတွေကို ငြင်းဆန် ပယ်ချသွားခဲ့ပြီး သူနဲ့ သူ့ရဲ့ ချစ်သူတို့ဟာ လန်ဒန်မြို့မှာ ပျော်ရွှင်လျက် ရှိကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် ဂျာမဏီလက်ရွေးစင် တိုက်စစ်မှူး ဟားဗက်က ၂၀၂၀ခုနှစ်မှာ ​လေဗာကူဆင် ကနေ ချယ်လ်ဆီးဆီ ပြောင်းရွှေ့ကြေး ယူရို ၈၀သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက ချယ်လ်ဆီးဆီ စတင် ရောက်ရှိချိန်ကတည်းက အသင်းရဲ့ အဓိက ကစားသမား တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူပါ။

Photo Credit: Football 365

ကိုင် ဟားဗက်က ကွင်းလယ်တိုက်စစ် ၊ နောက်ချန်တိုက်စစ်နဲ့ တိုက်စစ်မှူး စတဲ့ နေရာတွေမှာ ကစားနိုင်စွမ်း ရှိသူ ဖြစ်ပြီး သူ့ရဲ့ နည်းစနစ် ကျွမ်းကျင်မှု ၊ နေရာစုံမှာ ဆော့ကစားနိုင်မှုနဲ့ ဂျာမဏီရဲ့ အရေးပါတဲ့ တိုက်စစ်မှူး တဦး ဖြစ်နေမှုတို့ကြောင့် ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်က ကိုင် ဟားဗက်ကို လာမယ့် နွေဈေးကွက် အတွင်းမှာ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ဘိုင်ယန်မြူးနစ်က ကိုင် ဟားဗက်ကို ခေါ်ယူမယ့် သတင်းတွေ မကြာခဏ ထွက်ပေါ်နေပေမယ့် ကိုင် ဟားဗက်ကတော့ သူနဲ့ သူ့ရဲ့ ချစ်သူတို့ဟာ လန်ဒန်မြို့မှာ ပျော်ရွှင်နေသလို သူက ချယ်လ်ဆီးဆီ ပြောင်းရွှေ့ပြီးကတည်းက ဘိုင်ယန်မြူးနစ်နဲ့ အဆက်အသွယ် တခါမှ မလုပ်ခဲ့ဘူးလို့ ဆိုလာပါတယ်။

Photo Credit: The Sun

ဟားဗက်က – “ကျွန်တော်က ချယ်လ်ဆီးနဲ့ စာချုပ် ၂နှစ် အထိ ကျန်နေပါသေးတယ်။ ကျွန်တော်က ၂နှစ် ၊ ၃နှစ် ပြည့်တိုင်း အသင်းပြောင်းဖို့ မလိုပါဘူး။ ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ ကောင်မလေးက လန်ဒန်မြို့မှာ နေရတာ အသားကျနေပါပြီ။ ကျွန်တော်တို့က ပျော်လည်း ပျော်ပါတယ်။ ပြီးတော့ ကျွန်တော်က ချယ်လ်ဆီးအသင်းနဲ့ ချယ်လ်ဆီးရဲ့ ပရိသတ်တွေကို ချစ်ပါတယ်။ ကျွန်တော်က ချယ်လ်ဆီးဆီ ပြောင်းလာပြီးကတည်းက ဘိုင်ယန်မြူးနစ်ရဲ့ ဒါရိုက်တာတွေနဲ့ တခါမှ စကားမပြောဖူးပါဘူး” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

ကိုင် ဟားဗက်က ချယ်လ်ဆီးမှာ ပျော်နေတယ်လို့ ပြောထားပေမယ့် ဘိုင်ယန်မြူးနစ်ကတော့ လာမယ့် နွေဈေးကွက်ထဲမှာ ဟားဗက်အတွက် တရားဝင် ကမ်းလှမ်းမှု တရပ် ပြုလုပ်ဖို့ ပြင်ဆင်နေပြီး ဘိုင်ယန်မြူးနစ်ဟာ ဟားဗက်ကို ပြောင်းရွှေ့ကြေး ယူရို ၈၀သန်း ဝန်းကျင်နဲ့ ကမ်းလှမ်းလာဖွယ် ရှိပါတယ်။