တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ အဓိက ကစားသမားဖြစ်သူ ဟာရီကိန်းဟာ ပီအက်စ်ဂျီအသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး ကိန်းရဲ့ ကိုယ်စားလှယ်များက ပီအက်စ်ဂျီရဲ့ ဘောလုံး အကြံပေး လူးဝစ်ကမ်ပို့စ်နဲ့ ဆုံတွေ့ဖြစ်ခဲ့တယ်လို့ သတင်းတွေကနေ ဖော်ပြလာခဲ့ပါတယ်။
Photo Credit : The Sun
အင်္ဂလန် လက်ရွေးစင်အသင်းရဲ့ အသင်းခေါင်းဆောင် တိုက်စစ်မှူး ဟာရီကိန်းဟာ လာမယ့် ဘောလုံးရာသီအကုန်မှာ စပါးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးရတော့မှာဖြစ်ပြီး လတ်တလောမှာလည်း သူရဲ့ အနာဂတ် အခြေအနေတွေက လှုပ်ခတ်လျက် ရှိနေပါတယ်။ စပါးအသင်းဘက်ကလည်း သူတို့ရဲ့ အဓိက ကစားသမား ကိန်းကို အသင်းနဲ့ သက်တမ်းတိုးချင်နေပေမယ့် လက်ရှိ အချိန်ထိ စာချုပ်ကိစ္စက တိုးတတ်မှု မရှိသေးတာကြောင့် အလွတ်နဲ့ လက်မလွတ်ရခင်မှာ ပြောင်းရွှေ့ကြေးများစွာနဲ့ ရောင်းထုတ်သွားဖို့ ဆန္ဒရှိလာခဲ့တာ ဖြစ်ပါတယ်။
Photo Credit : EPL Index
အသက် (၂၉)နှစ်အရွယ် ကစားသမားဟာ စပါးအသင်းရဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက် မန်ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ကစားနိုင်တယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပေမယ့် ပီအက်စ်ဂျီအသင်းအတွက် ဘောလုံးနဲ့ ပတ်သက်တဲ့ အကြံညဏ်တွေ ပေးနေသူ ကမ်ပို့စ်က မကြာသေးမီ ရက်ပိုင်းအတွင်း ပြင်သစ်နိုင်ငံမှာ ကိန်းရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံရင်း လာမယ့်ရာသီမှာ ပဲရစ် အခြေစိုက်အသင်းဆီ ပြောင်းရွှေ့လာဖို့ ဆွေးနွေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။
Photo Credit : Get French Football News
လာမယ့် ဈေးကွက်အတွင်းမှာ လီယွန်နယ်မက်ဆီ နေမာတို့လို တိုက်စစ် ကစားသမားတွေက ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာသွားဖို့ ရှိနေတာကြောင့် ပီအက်စ်ဂျီဘက်က တိုက်စစ်ပိုင်းအတွက် အရည်အသွေးမြင့် ကစားသမားတွေကို အလိုရှိနေတာဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီတုန်းကလည်း ပိုလန် ကစားသမားကြီး ရောဘတ်လီဝန်ဒေါစကီးကို ချိန်ရွယ်ခဲ့ဖူးသလို အခုလက်ရှိ ကိန်းကို ထပ်မံ ပစ်မှတ်ထားလာခဲ့တာပဲ ဖြစ်ပါတယ်။ စပါးအနေနဲ့ကလည်း ကိန်းကို ရောင်းချရမယ်ဆိုရင် ပရီးမီးယားလိဂ် အသင်းတွေထက် ပြည်ပ ကလပ်အသင်းတွေဆီသာ ရောင်းချသွားချင်တာမို့ ဒီအပြောင်းအရွှေ့က စောင့်ကြည့်ချင်စရာ ဖြစ်လာခဲ့ရပါတယ်။