ကမ္ဘာ့အကောင်းဆုံး ကလပ်အသင်းအဖြစ် သရဖူဆောင်းဖို့ ကြိုးစားနေတဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ လက်ရှိ ဥရောပချန်ပီယံ ပီအက်စ်ဂျီအသင်းကို အရင်ဆုံး ကျော်ဖြတ်ရတော့မှာ ဖြစ်ပါတယ်။
မိုင်ယာမီမြို့ရဲ့ Hard Rock အားကစားကွင်းမှာ ဘရာဇီးကလပ် ဖလာမင်ဂိုအသင်းကို ၄-၂ ဂိုးနဲ့ အကြိတ်အနယ်ကစားပြီး အနိုင်ရခဲ့ပြီးနောက်မှာတော့ ဂျာမန်ဘွန်ဒက်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းဟာ ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီအဆင့်မှာတော့ သူတို့ဟာ ဥရောပချန်ပီယံလိဂ်ဖလားရှင် ပီအက်စ်ဂျီအသင်းနဲ့ ဇူလိုင်လ ၅ ရက်နေ့မှာ ယှဉ်ပြိုင်ရမှာပဲ ဖြစ်ပါတယ်။
Photo Credit : Reuters
ပီအက်စ်ဂျီအသင်းဟာ အင်တာ မိုင်ယာမီကို အလွယ်တကူ အနိုင်ယူခဲ့တာကြောင့် ဒီပွဲဟာ ဘယ်လောက်ခက်ခဲမလဲဆိုတာကို ဘိုင်ယန်အသင်းသားတွေ ကောင်းကောင်းသိပါတယ်။ ဒါပေမဲ့ ဂျာမန်ဘီလူးကြီးတွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ပီအက်စ်ဂျီကို ၁-၀ ဂိုးနဲ့ အနိုင်ရထားခဲ့ဖူးတဲ့အတွက် ယုံကြည်မှုအပြည့်နဲ့ ဒီပွဲကို ကစားသွားမှာပါ။
ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး ဟယ်ရီကိန်းက ဖီဖာကို ပြောကြားရာမှာ “ကျွန်တော်တို့ ကလပ်ကမ္ဘာ့ဖလားကို ရယူရနိုင်တယ်ဆိုတာကို သေချာပေါက် ယုံကြည်ရပါမယ်။ နောက်တစ်ဆင့်မှာ ချန်ပီယံလိဂ်ဖလားရှင်ဖြစ်တဲ့ အသင်းကောင်းတစ်သင်းနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ သိပ်ကိုခက်ခဲမယ်ဆိုတာ သံသယဖြစ်စရာမလိုပါဘူး။” လို့ ဆိုပါတယ်။
Photo Credit : The Straits Times
“ဒါပေမဲ့ ကျွန်တော်တို့အသင်းက အကောင်းဆုံးခြေစွမ်းရတဲ့နေ့မှာ ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်တယ်လို့ ခံစားမိပါတယ်။ ပြိုင်ပွဲမှာ အဆုံးစွန်ထိသွားပြီး ချန်ပီယံဖြစ်ရမယ်ဆိုရင်တော့ အိပ်မက်တွေ တကယ်ဖြစ်လာတာပါပဲ။ ဒါပေမဲ့ အဲ့ဒီမတိုင်ခင်မှာ ကစားရမယ့်ပွဲတွေ အများကြီးရှိပါသေးတယ်” လို့ သူက ဆက်ပြောခဲ့ပါတယ်။
ဟယ်ရီကိန်းရဲ့ ခံစားချက်ကို အသင်းဖော်တွေဖြစ်တဲ့ မန်နျူ ရယ်နော်ယာနဲ့ လီယွန် ဂိုရက်ဇကာတို့ကလည်း ထောက်ခံပြောကြားခဲ့ပါတယ်။ “သူတို့က ချန်ပီယံလိဂ်ဖလားရှင်တွေပါ။ ဒီရာသီမှာ သူတို့ကို တစ်ကြိမ် ရင်ဆိုင်ခဲ့ဖူးပြီး အဲ့ဒီတုန်းက အိမ်ကွင်းမှာပါ” လို့ နော်ယာက ဖီဖာကို ပြောပါတယ်။ “အတ္တလန်တာက အားကစားကွင်းကြီးတစ်ခု၊ ကောင်းမွန်တဲ့ အားကစားကွင်းတစ်ခုပါ။ ကျွန်တော်တို့ ဒီပွဲကို စောင့်မျှော်နေပါတယ်။ အကောင်းဆုံး ကြိုးစားသွားမှာပါ။ သူတို့အသင်းမှာ နေရာတိုင်းမှာ ကစားသမားကောင်းတွေ ရှိပေမယ့် ဒီရာသီမှာရော ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာပါ ရင်ဆိုင်ခဲ့ဖူးတာကြောင့် ကျွန်တော်တို့ ကြိုတင်ပြင်ဆင်ထားပါတယ်” လို့ ဆိုပါတယ်။