ဘိုင်ယန်မြူးနစ်အသင်းရဲ့ အဓိက ကစားသမားဖြစ်သူ တိုက်စစ်မှူး ဟယ်ရီကိန်းက သူ့အနေနုဲ့ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ပြိုင်ပွဲကြီးရဲ့ ဗိုလ်လုပွဲအဆင့်ထိ တက်လှမ်းချင်ပြီး ချန်ပီယံလိဂ်ဖလားကြီးကိုလည်း ကိုင်မြှောက်သွားချင်တယ်လို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

အသက် (၃၁)နှစ်အရွယ် အင်္ဂလန် လက်ရွေးစင် တိုက်စစ်ကစားသမား ဟယ်ရီကိန်းဟာ စပါးအသင်းမှာ ကစားခဲ့စဉ်တုန်းက ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအဆင့်ဆီကို ပထမဆုံးအကြိမ်အဖြစ် တက်လှမ်းနိုင်ခဲ့ပေမယ့် အဲ့ဒီတုန်းက ဖိုင်နယ်မှာ လီဗာပူးလ်ကို ရှုံးနိမ့်ခဲ့ရင်း ဒုတိယဆုနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

Photo Credit : Eurosport

လက်ရှိမှာတော့ ဟယ်ရီကိန်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ တတိယမြောက် အအောင်မြင်ဆုံးကလပ် ဘိုင်ယန်မြူးနစ်အသင်းဆီ ရောက်ရှိနေသလို သူရဲ့ ဘိုင်ယန်ကစားသမားဘဝ ပွဲဦးထွက်ရာသီဖြစ်တဲ့ ပြီးခဲ့တဲ့ ဘောလုံးရာသီကဆိုရင်လည်း ဘိုင်ယန်ဟာ ဆီမီးဖိုင်နယ်အဆင့်ထိပါ တက်လှမ်းနိုင်ခဲ့ပါတယ်။

ဒီရာသီမှာတော့ ဘိုင်ယန်နဲ့ ဟယ်ရီကိန်းတို့က ချန်ပီယံလိဂ် ပြိုင်ပွဲစုံစံသစ်ကို ဆင်နွဲနေရပြီး league phase ပွဲစဉ် (၁)အဖြစ် ဒိုင်နမိုဇာဂရက်နဲ့ပွဲမှာ ဟယ်ရီကိန်း တစ်ဦးတည်း (၄)ဂိုးအထိ သွင်းယူခဲ့ကာ ဘိုင်ယန်ကလည်း ဂိုးအပြတ်အသတ်နဲ့ အနိုင်ရခဲ့ပါတယ်။ အခု ပွဲစဉ် (၂)မှာတော့ ဘိုင်ယန်က ပရီးမီးယားလိဂ် ကလပ်အသင်း အက်စတွန် ဗီလာနဲ့ ဗီလာပါ့ခ်ကွင်းမှာ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။

Photo Credit : Fabrizio Romano

ဒီပွဲမတိုင်ခင်မှာ ဘိုင်ယန် တိုက်စစ်မှူး ဟယ်ရီကိန်းက “ကျွန်တော် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဖိုင်နယ်ဆီကို တက်လှမ်းချင်ပြီးတော့ ချန်ပီယံလိဂ်ဖလားကြီးကိုလည်း ရယူသွားချင်တာ သေချာပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲဆိုတာက တကယ့်ကို ကြီးမားတဲ့ ပြိုင်ပွဲကြီးတစ်ခုပါ။”

“နောက်ပြီးတော့ ကျွန်တော်တို့ရဲ့ အလိုင်းရန့် အရီနာကွင်းကြီးမှာ ကျင်းပပြုလုပ်မယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဒီဖလားကြီးကို ဆွတ်ခူးနိုင်လိုက်မယ်ဆိုရင် ပိုလို့တောင် အံ့သြစရာကောင်းတဲ့ ရာသီတစ်ခု ဖြစ်လာမှာပါ။” လို့ ပြောဆိုသွားခဲ့ပါတယ်။ ဟယ်ရီကိန်းဟာ လေဗာကူဆင်နဲ့ ကစားခဲ့တဲ့ ပွဲစဉ် ခြေချင်းဝတ်ဒဏ်ရာ ရရှိထားခဲ့လို့ ဗီလာနဲ့ပွဲမှာ ပါဝင်ကစားဖို့ မသေချာသေးဘဲ ကစားဖြစ်မယ်ဆိုရင်တောင် မိနစ်ပိုင်းလောက်သာ ကစားနိုင်ဖွယ် ရှိနေပါတယ်။