အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းက ပရီးမီးယားလိဂ်ရဲ့ ထာဝရဂိုးသွင်းဘုရင်ဖြစ်ခွင့်ကို စွန့်လွှတ်ပြီး ဂျာမနီကို ပြောင်းရွှေ့ခဲ့တဲ့အတွက် သူ့ကို အရူးလို့ ဝေဖန်ခဲ့တဲ့ အင်္ဂလန်တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်ရဲ့ မှတ်ချက်စကားတွေအပေါ် တုံ့ပြန်ချေပလိုက်ပါတယ်။
အသက် (၃၂)နှစ်အရွယ် ဟယ်ရီကိန်းဟာ သူ့ရဲ့ကစားသမားဘဝ ပထမဆုံးဆုဖလားကို ရှာဖွေဖို့အတွက် ၁၉ နှစ်ကြာ ပါဝင်ကစားခဲ့တဲ့ ကလေးဘဝကလပ် စပါးအသင်းကနေ ၂၀၂၃ ခုနှစ် နွေရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်က စပါးအတွက် ပရီးမီးယားလိဂ်သွင်းဂိုး (၂၁၃)ဂိုး သွင်းယူထားပြီး အလန်ရှီးယားရဲ့ စံချိန်ကိုမီဖို့ (၄၈)ဂိုးသာ လိုတော့တဲ့ ကိန်းရဲ့အပြောင်းအရွှေ့ကို အိုဝင်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။
Photo Credit : TEAMtalk
ပြီးခဲ့တဲ့ မေလက ဘိုင်ယန်နဲ့အတူ ဘွန်ဒက်စ်လီဂါချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ ဟယ်ရီကိန်းက ရီယို ဖာဒီနန်ရဲ့ Podcast အစီအစဉ်မှာ အိုဝင်ရဲ့ မှတ်ချက်တွေကို အခုလို တုံ့ပြန်ခဲ့တာပါ။ ယနေ့ အင်္ဂါနေ့မှာ ဆားဘီးယားနဲ့ ကစားမယ့်ပွဲစဉ်မတိုင်ခင် ကိန်းက “သူပြောတာကို ကျွန်တော်ကြားပါတယ်။” လို့ စတင်ပြောကြားခဲ့ပါတယ်။ လူတိုင်းမှာ ကိုယ်ပိုင်အမြင်ရှိခွင့်ရှိပါတယ်။ သူ့ကို ပုဂ္ဂိုလ်ရေးအရတော့ လေးစားပါတယ်။ ဒါပေမဲ့ သူကိုယ်တိုင်လည်း သိမှာပါ။ လူတိုင်းရဲ့ ကစားသမားဘဝက မတူကြဘူးလေ။ ဆုံးဖြတ်ချက်တွေ၊ ရည်မှန်းချက်တွေကလည်း မတူကြပါဘူး။”
“သူက ကျွန်တော် ဆုဖလားအတွက်ပဲ ပြောင်းသွားတယ်လို့ ရည်ညွှန်းနေမှန်း သိပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ရည်ရွယ်ချက်က အမြင့်ဆုံးအဆင့်မှာ တတ်နိုင်သလောက် ကာလကြာရှည်စွာ ကစားသွားနိုင်ဖို့ပါ။ အခုဆိုရင် ပွဲကြီးပွဲကောင်းတွေ ချန်ပီယံဆုအတွက် ပြိုင်ဆိုင်ရတာတွေ ချန်ပီယံလိဂ်ပွဲစဉ်ကြီးတွေ ကလပ်ကမ္ဘာ့ဖလားပွဲတွေ ကစားနေရတဲ့အတွက် ကျွန်တော် တကယ်ကို ပျော်ရွှင်ကျေနပ်မိပါတယ်။”
“ကစားသမားတစ်ယောက်အနေနဲ့ ကျွန်တော် ပိုတိုးတက်လာတယ်လို့ ခံစားရတယ်။ ဂိုးသွင်းနိုင်စွမ်းမှာလည်း ကိုယ့်ရဲ့ကန့်သတ်ချက်တွေကို ကျော်လွှားနိုင်ဖို့ တွန်းအားပေးနေပါတယ်။ ဒီခေတ်မှာ ဝေဖန်သံတွေကို မကြားမိအောင်နေဖို့ ခက်ခဲပါတယ်။ ဒါပေမဲ့ ဒီဆုံးဖြတ်ချက်က ကျွန်တော့်အတွက် အကောင်းဆုံးဖြစ်ပြီး ဘိုင်ယန်မြူးနစ်မှာ အရမ်းကို ပျော်ရွှင်နေပါတယ်။” လို့ ကိန်းက ရှင်းပြခဲ့ပါတယ်။
Photo Credit : The Sun
အိုဝင်က “ဟယ်ရီကိန်းက တကယ့်ကို အဆုံးသတ်သေချာလွန်းတဲ့ တိုက်စစ်မှူးပါ။ ဒါပေမဲ့ သူ ဂျာမနီကို သွားတာကို ကျွန်တော် သဘောမတူဘူး။ အဲ့ဒီတုန်းကလည်း ပွင့်ပွင့်လင်းလင်း ပြောခဲ့တယ်။ သူဟာ အရူးပဲလို့ အခုထိ ထင်တုန်းပဲ။ ခင်ဗျားက ပရီးမီးယားလိဂ်ရဲ့ ထာဝရဂိုးသွင်းအများဆုံးကစားသမား ဖြစ်ခါနီးနေပြီ။ ကလေးတွေကလည်း ကျောင်းတက်နေကြပြီ။ ကျွန်တော်တော့ ဒီအပြောင်းအရွှေ့ကို နားကိုမလည်နိုင်ဘူး။”
“ဆုဖလားတစ်ခုခုကို အရမ်းရချင်နေရင်တောင် နောက်တစ်နှစ်လောက်ထပ်နေပြီးမှ သွားသင့်တယ်။ ဒါက စကော့တလန်က ဆဲလ်တစ်အသင်းကို ပြောင်းပြီး နှစ်တိုင်းလိဂ်ဖလားရနေသလိုပဲ။ အဲ့ဒီမှာ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုဆိုတာ မရှိဘူး။ တကယ့် ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုက ပရီးမီးယားလိဂ်ရဲ့ ထာဝရဂိုးသွင်းဘုရင်ဖြစ်လာတာပဲ။ ဒါက မယုံနိုင်စရာကောင်းတဲ့ အရာတစ်ခုဖြစ်ပြီး လမ်းခုလတ်မှာ ဆုဖလားတွေလည်း ရနိုင်တာပဲ” လို့ အိုဝင်က ပြောကြားခဲ့ဖူးတာ ဖြစ်ပါတယ်။