ဥရောပ ထိပ်သီးအသင်းတွေ ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ ဂန္တဝင် ကစားသမားဟောင်း တဦး ဖြစ်သူ ဟားဂရေ့ဗ်က သူ့ရဲ့ အသင်းဟောင်း ယူနိုက်တက်ဟာ ချန်ပီယံလိဂ် အုပ်စုပွဲ ၄ပွဲ အပြီးမှာ အုပ်စုရဲ့ အောက်ဆုံးအဆင့်ကို ရောက်နေပေမယ့် လက်ကျန်ပွဲ ၂ပွဲမှာ ရလဒ်ကောင်းတွေ ရယူကာ အုပ်စုအဆင့်ကို ကျော်လွန်နိုင်မယ်လို့ ယုံကြည်ကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။

ဟားဂရေ့ဗ်ရဲ့ အသင်းဟောင်း နှစ်သင်း ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့က ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ တအုပ်စုထဲ ကျရောက်နေပြီး အုပ်စုပွဲ (၄)ပွဲ အပြီးမှာ ဘိုင်ယန်မြူးနစ်က ၄ပွဲကစား ၊ ၄ပွဲနိုင် ဆိုတဲ့ ရလဒ်ကောင်း တခုနဲ့အတူ ရှုံးထွက်အဆင့်ဆီ တက်ရောက်နိုင်ခဲ့ပါပြီ။

Photo Credit: Caught Offside

ဘိုင်ယန်မြူးနစ်က ရှုံးထွက်အဆင့်ဆီ အစောဆုံး တက်ရောက်သွားနိုင်ခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက်ကတော့ အုပ်စုပွဲ ၄ပွဲ အပြီးမှာ ၁ပွဲနိုင် ၊ ၃ပွဲရှုံး ဆိုတဲ့ မှတ်တမ်းဆိုးနဲ့ အုပ်စုရဲ့ အောက်ဆုံးကို ရောက်ရှိနေပါတယ်။

မန်ချက်စတာ ယူနိုက်တက်က အုပ်စုရဲ့ အောက်ဆုံးကို ရောက်နေပေမယ့် သူ့ရဲ့ အပေါ်မှာ ရှိနေတဲ့ ဂါလာတာစာရေး ၊ ကိုပင်ဟေဂင် စတဲ့ အသင်းတွေနဲ့ ရမှတ် ၁မှတ်ထဲသာ ကွာဟတာကြောင့် လက်ကျန် ၂ပွဲမှာသာ အနည်းဆုံး ရမှတ် ၄မှတ် စုဆောင်းနိုင်ခဲ့ရင် နောက်တဆင့်ဆီ တက်လှမ်းနိုင်ဖို့ မျှော်လင့်ချက် ရှိလာမှာပါ။

Photo Credit: Standard

အထူးသဖြင့် လက်ကျန်ပွဲ ၂ပွဲမှာ မန်ချက်စတာ ယူနိုက်တက်က ရှုံးထွက်အဆင့်ဆီ တက်ရောက်နိုင်ရေး အတွက် အဓိက ပြိုင်ဘက် ဖြစ်နေတဲ့ ဂါလာတာစာရေးကို မဖြစ်မနေ အနိုင်ကစားဖို့ လိုအပ်နေပြီး ယူနိုက်တက်နဲ့အတူ ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်ခဲ့ဖူးတဲ့ ဟားဂရေ့ဗ်ကတော့ ယူနိုက်တက်ဟာ လက်ကျန် ၂ပွဲလုံးကို အနိုင်ကစားနိုင်စွမ်း ရှိတာကြောင့် ရှုံးထွက်အဆင့်ဆီ တက်ရောက်နိုင်သေးတယ်လို့ ဆိုလာပါတယ်။

ဟားဂရေ့ဗ်က – “မန်ချက်စတာ ယူနိုက်တက်ဟာ လက်ကျန်ပွဲ ၂ပွဲစလုံးကို အနိုင် ကစားနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် သူတို့က (ရှုံးထွက်အဆင့်ဆီ တက်ရောက်နိုင်ဖို့ အတွက်) အကောင်းမြင်စိတ် ထားဖို့ လိုအပ်ပါတယ်။ ဟွိုက်လန်းက ဒီနေ့ညမှာ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသသွားခဲ့သလို သူက ယူနိုက်တက် အတွက် ကောင်းတဲ့ အချက်တွေထဲက တခု ဖြစ်နေပါတယ်။ သူက ယူနိုက်တက်ကို ရလဒ်ကောင်းတွေ ရယူပေးမယ့် ကစားသမားတွေထဲက တဦးပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။