ဥရောပ အင်အားကြီးအသင်းတွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ ကွင်းလယ်လူဟောင်း တဦး ဖြစ်သလို လက်ရှိအချိန်မှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ဟားဂရေ့ဗ်ကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဒိုင်နမို ဇာဂရက်ဘ် ၁-၀ ချယ်လ်ဆီးပွဲစဉ်မှာ ချယ်လ်ဆီးတို့ ရှုံးနိမ့်သွားတာဟာ စံချိန်တင် ပြောင်းရွှေ့ကြေး တရပ် ပေးချေကာ ခေါ်ယူထားရတဲ့ ဗဟိုခံစစ်မှူးသစ် ဖိုဖာနာရဲ့ အမှားကြောင့် ဖြစ်ကြောင်း ဝေဖန် သုံးသပ်သွားခဲ့ပါတယ်။

ချယ်လ်ဆီးက အသင်းကနေ ထွက်ခွာသွားကြတဲ့ ရူဒီဂါနဲ့ ခရစ်တန်ဆန်တို့ရဲ့ နေရာတွေ အတွက် ဆီနီဂေါ ဗဟိုခံစစ်မှူး ကူလီဘလီနဲ့ ပြင်သစ် လူငယ်ကြယ်ပွင့် ဗဟိုခံစစ်မှူး ဖိုဖာနာတို့ကို ပြန်လည် ခေါ်ယူထားပြီး ဖိုဖာနာ အတွက် ဆိုရင် အသင်းရဲ့ နောက်ခံလူ တဦး အတွက် စံချိန်တင် ပြောင်းရွှေ့ကြေး တရပ် ဖြစ်တဲ့ ပေါင် ၇၀သန်း အထိ သုံးစွဲခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit: Metro

ဒါပေမယ့် ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဒိုင်နမို ဇာဂရက်ဘ် ၁-၀ ချယ်လ်ဆီးပွဲမှာတော့ ဒိုင်နမို ဇာဂရက်ဘ်ဟာ ကူလီဘလီနဲ့ ဖိုဖာနာတို့ရဲ့ လျော့တိလျော့ရဲ ကစားပုံတွေကြောင့် အဖိုးတန် အနိုင်ဂိုးကို ရရှိသွားခဲ့တာ ဖြစ်ပြီး ဒိုင်နမို ဇာဂရက်ဘ် အတွက် အနိုင်ဂိုးကိုတော့ ပွဲကစားချိန် ၁၃မိနစ်မှာ ကူလီဘလီ တယောက် လူကပ်ထားတဲ့ ဇာဂရက်ဘ် တိုက်စစ်မှူး ပက်ကိုဗစ်ရဲ့ ခေါင်းတိုက်ချပေးမှု ကနေ သူ့ရဲ့ တွဲဖက် တိုက်စစ်မှူး အော်ဆစ်က ဖိုဖာနာကို ကျော်ဖြတ်ကာ လှလှပပ သွင်းယူသွားခဲ့တာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဘောလုံးရေးရာ သုံးသပ်သူတွေက ကစားသမား ၂ဦးထဲ တွဲဖက် ကစားသွားတဲ့ တန်ပြန်တိုက်စစ်ကို မထိန်းနိုင်ပဲ ဂိုးပေးခဲ့ရတဲ့ အတွက် ချယ်လ်ဆီးရဲ့ နောက်ခံလူတွေကို ဝေဖန်နေကြပြီး ဟားဂရေ့ဗ်ကလည်း အော်ဆစ်ရဲ့ ကျော်ပြေးမှုကို ခံလိုက်ရတဲ့ ဖိုဖာနာကြောင့် ချယ်လ်ဆီးဟာ အဖွင့်ဂိုးကို ခွင့်ပြုပေးလိုက်ရတာ ဖြစ်ကာ ဖိုဖာနာဟာ သူ့ရဲ့ တာဝန်ကို မကျေပွန်ခဲ့ကြောင်း ပြောကြားသွားပါတယ်။

Photo Credit: Metro

ဟားဂရေ့ဗ်က – “ချယ်လ်ဆီးက ဖိုဖာနာကို တဖက်အသင်းရဲ့ ကစားပုံကို ချုံ့ပစ်ဖို့ ၊ High Line Defense ကစားဖို့ ၊ တန်ပြန်တိုက်စစ်တွေကို အမြန်နှုန်းနဲ့ ထိန်းကြောင်းပေးဖို့ အတွက် ခေါ်ခဲ့တာပါ။ ဒါပေမယ့် ဒီနေ့မှာတော့ ဖိုဖာနာက အရင်လိုမျိုး ပေါက်ကွဲအား ကောင်းကောင်းနဲ့ မကစားပြနိုင်ခဲ့ပါဘူး။ သူ့ကြောင့်ပဲ ဂိုးပေးလိုက်ရတာလို့ ပြောရင်လည်း မမှားပါဘူး။ ကျွန်တော်ကတော့ တူဟယ်လ်ဟာ အခုလိုမျိုး တပွဲလုံး စိုးမိုးထားပါလျက်နဲ့ အလွယ်လေး ပေးလိုက်ရတဲ့ ပေးဂိုးတွေ အတွက် စိတ်ပူနေလောက်ပြီလို့ ထင်ပါတယ်” ဆိုပြီး ဝေဖန် သုံးသပ်သွားခဲ့တာပါ။