ပလိုင်းမောက်နဲ့ လီဗာပူးလ်အသင်းတို့ရဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်မှာ ပလိုင်းမောက်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပင်နယ်တီကနေ သွင်းယူခဲ့တဲ့ အနိုင်ဂိုးရှင် ရိုင်ယန် ဟာဒီက အက်ဖ်အေဖလား နောက်တစ်ဆင့်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ တွေ့ဆုံသွားချင်တယ်လို့ ဖွင့်ဟလိုက်ပါတယ်။
ဒီရာသီ ချန်ပီယံရှစ် အမှတ်ပေးဇယားရဲ့ ဇယားအောက်ခြေကို ရောက်နေရတဲ့ ပလိုင်းမောက်အသင်းဟာ နည်းပြ ဝိန်း ရွန်နီလက်ထက်မှာလည်း ရလဒ်ပိုင်းတွေက တိုးတက်လာခြင်း မရှိလို့ နည်းပြအပြောင်းအလဲ လုပ်ဆောင်ထားခဲ့ရပြီး နည်းပြသစ် မူဆလစ် ကိုင်တွယ်မှ အက်ဖ်အေဖလား တတိယအဆင့်မှာ ဘရန့်ဖို့ဒ်နဲ့ အခု စတုတ္ထအဆင့်မှာ လီဗာပူးလ်တို့ကိုပါ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
Photo Credit : Daily Mail
ပရီးမီးယားလိဂ်မှာ အမှတ်ပေးဇယားကို ဦးဆောင်ထားတဲ့ လီဗာပူးလ်လို အသင်းမျိုးကိုမှ အနိုင်ယူ ကျော်ဖြတ်ခဲ့တဲ့ ပလိုင်းမောက်ဟာ အက်ဖ်အေဖလား နောက်တစ်ဆင့်မှာ ဘယ်အသင်းနဲ့ ထပ်မံ ဆုံတွေ့မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေသလို ပလိုင်းမောက် တိုက်စစ်ကစားသမား ဟာဒီကတော့ ယူနိုက်တက်နဲ့ ဆုံတွေ့ချင်တယ်လို့ ဆိုလာပါတယ်။
“ကျွန်တော်ကတော့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ တွေ့ချင်ပါတယ်။ သူတို့ကို ဒီခေါ်လာခဲ့ပါ။ အဲ့ဒီနေ့က ဒီကလပ်အသင်းရဲ့ သမိုင်းမှာ ဒီမြို့ရဲ့သမိုင်းမှာ အမှတ်တရ ဖြစ်သွားမယ်။ ဒါက ကျွန်တော်တို့ ဘယ်တော့မှ မေ့မှာမဟုတ်တဲ့ အရာတစ်ခု ဖြစ်လာပါမယ်။ မင်းရဲ့ ကစားသမားဘဝကို စတင်ခဲ့တဲ့အခါ ဒီလိုနေ့မျိုးတွေကို အိမ်မက်မက်မိမှာပဲ။” လို့ ဟာဒီက ပြောဆိုသွားခဲ့ပါတယ်။
Photo Credit : Goal
ယူနိုက်တက်အသင်းကတော့ အက်ဖ်အေဖလား တတိယအဆင့်မှာ အာဆင်နယ်အသင်းကို အကောင်းဆုံးပုံစံနဲ့ ကျော်ဖြတ်ထားနိုင်ခဲ့ပေမယ့် စတုတ္ထအဆင့်မှာတော့ လက်စတာအသင်းကို ခက်ခက်ခဲခဲ အနိုင်ယူခဲ့ရပြီး လက်စတာ နောက်ခံလူဟောင်း မက်ဂွိုင်းယားက နာကျင် အချိန်ပိုမှာ အငြင်းပွားဖွယ် ဂိုးကို သွင်းယူခဲ့ပါတယ်။
အက်ဖ်အေဖလား ပဉ္စမအဆင့် ပွဲစဉ်တွေကိုတော့ ဒီနေ့ည အင်္ဂါမနက်အစောပိုင်းမှာ မဲနှိုက်ရေးဆွဲမှာဖြစ်ပြီး လက်ရှိမှာ လီဗာပူးလ် အာဆင်နယ် ချယ်လ်ဆီး စပါးအသင်းတို့ မပါဝင်တော့ဘဲ လက်ရှိချန်ပီယံ မန်ယူနိုက်တက် မန်စီးတီး ဗီလာ နယူးကာဆယ် ဘရိုက်တန်တို့သာ ကျန်ရှိတော့သလို မန်ချက်စတာ နှစ်သင်းသာ ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေရပါတယ်။