မနေ့ညက ကိုပါဒယ်လ်ရေး ဖိုင်နယ်ပွဲစဉ်မှာ ဘာစီလိုနာက ရီးယဲလ် မက်ဒရစ်အသင်းကို အချိန်ပိုမှာ (၃)ဂိုး (၂)ဂိုးနဲ့ အနိုင်ယူပြီး ကိုပါဒယ်လ်ရေးဖလားကို (၃၂)ကြိမ်မြောက် ဆွတ်ခူးခဲ့ပါတယ်။ ဒီအာင်ပွဲက ဘာစီလိုနာကို ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်းအဖြစ် ဆက်လက် ရပ်တည်နိုင်စေခဲ့သလို နည်းပြ ဟန်ဆီ ဖလစ်ခ်ရဲ့ ဦးဆောင်မှုအောက်မှာ အသင်း စွမ်းဆောင်ရည်ကလည်း ထင်ရှားစေခဲ့ပါတယ်။
ဒီပွဲရဲ့ ပထမပိုင်းမှာ ဘာစီလိုနာက ကွင်းလယ်လူ ပတ်ဒရီရဲ့ ဧရိယာပြင်ပ သွင်းဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့် ဒုတိယပိုင်းမှ လူစားဝင်လာတဲ့ ဘာပေက ဖရီးကစ်ကနေ တိုက်ရိုက် သွင်းယူပြီး ချေပခဲ့သလို (၇)မိနစ်အကြာမှာပဲ ချူအာမန်နီက ဦးဆောင်ဂိုး ပြန်လည် သွင်းယူခဲ့ပါတယ်။ ဒါပေမယ့် (၈၄)မိနစ်မှာ ဖာရန် တောရက်စ်က ချေပဂိုး သွင်းယူခဲ့လို့ သာမန် မိနစ်(၉၀)အတွင်း (၂)ဂိုးစီ သရေကျနေခဲ့ပါတယ်။
Photo Credit : FotMob
ဒါကြောင့် အချိန်ပို နာရီဝက် ဆက်ကစားခဲ့ရာ အချိန်ပို ဒုတိယပိုင်းမှာ ဘာစီလိုနာ နောက်ခံကစားသမား ဂျူးလ်စ် ကွန်ဒီက အနိုင်ဂိုးကို သွင်းယူရင်း ဘာစီလိုနာတို့ ကိုပါဒယ်လ်ရေး ချန်ပီယံတွေ ဖြစ်လာခဲ့ရပါတယ်။ ပွဲအပြီးမှာ ဘာစီလိုနာနည်းပြ ဟန်ဆီ ဖလစ်ခ်က “ကျွန်တော်တို့အသင်းကို အရမ်းဂုဏ်ယူပါတယ်။ ကစားသမားတွေရဲ့ နောက်ဆုံးအချိန်ထိ တိုက်ပွဲဝင်တဲ့စိတ်ဓာတ်က တကယ်ကို မယုံနိုင်စရာပါ။” လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဖလစ်ခ်က “ခံစစ်ကစားသမား အားလုံးက ထူးခြားစွာ ကောင်းမွန်ခဲ့ပါတယ်။ အထူးသဖြင့် ဂျူးလ်စ် ကွန်ဒီကတော့ ဒီညရဲ့ အဓိကဇာတ်လိုက်ပါပဲ။ ကွန်ဒီက (၂)ကြိမ် (၃)ကြိမ်လောက် အံ့မခန်း ကာကွယ်မှုတွေ ပြသခဲ့တယ်။ သူ့ရဲ့ စိတ်ဓာတ်က တကယ်ကို ထူးခြားပါတယ်။” လို့ ထောမနာပြုခဲ့ပါတယ်။
Photo Credit : bdnews24
အခုဆိုရင် ဘာစီလိုနာအသင်းဟာ နည်းပြကြီး ဖလစ်ခ်ရဲ့ ပွဲဦးထွက် ဘောလုံးရာသီမှာ စပိန်စူပါဖလားနဲ့ ကိုပါဒယ်လ်ရေးဖလား ဖလား(၂)ခုကို သိမ်းပိုက်ထားနိုင်ခဲ့သလို တစ်ဖက်မှာလည်း လာလီဂါ အမှတ်ပေးဖလားနဲ့ ချန်ပီယံလိဂ်ဖလားတို့ရဲ့ လမ်းကြောင်းပေါ်မှာ ဆက်လက် ရှိနေသေးတာဖြစ်လို့ ဖလား(၄)လုံးအထိ မျှော်မှန်းထားနိုင်တာပဲ ဖြစ်ပါတယ်။
ဘာစီလိုာနာအသင်းက လာလီဂါမှာဆိုရင် အမှတ်ပေးဇယားထိပ်မှာ ရပ်တည်နေရင်း ဒုတိယနေရာက ရီးယဲလ်အသင်းထက် ရမှတ်(၄)မှတ် အသာရထားသလို ချန်ပီယံလိဂ်မှာလည်း ဆီမီးဖိုင်နယ်အဆင့်ထိ ရောက်ရှိနေပြီဖြစ်ပြီး ဆီမီးမှာတော့ စီးရီးအေက အင်တာမီလန်အသင်းနဲ့ ထိပ်တိုက် ရင်ဆိုင်သွားရမှာပဲ ဖြစ်ပါတယ်။