ကမ္ဘာကျော် အားကစားတခု ဖြစ်တဲ့ ဖော်မြူလာဝမ်းပြိုင်ပွဲရဲ့ ကြယ်ပွင့်ဖြစ်သူ ဟာမီတန်က သူဟာ ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူဖို့ စိတ်ဝင်စားနေကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၇နှစ် အရွယ် အင်္ဂလန်နိုင်ငံသား ဟာမီတန်ဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဖော်မြူလာဝမ်း ကစားသမားတွေထဲက တဦး ဖြစ်သလို ဖော်မြူလာဝမ်း အားကစားရဲ့ သမိုင်းတလျှောက် အချမ်းသာဆုံး ဖော်မြူလာဝမ်း ကစားသမား အဖြစ်ပါ မှတ်တမ်းဝင်ထားသူပါ။

Photo Credit: Express

ဟာမီတန်က ကမ္ဘာကျော် ဖော်မြူလာဝမ်း ကစားသမား တဦး ဖြစ်သလို ဗြိတိန်နိုင်ငံရဲ့ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမား တဦး အဖြစ် သတ်မှတ်ခံထားရတာကြောင့် နာမည်ကျော် ဆာဘွဲ့ကိုပါ ချီးမြှင့်ခံထားရသူလည်း ဖြစ်ပါတယ်။

ဟာမီတန်က စုစုပေါင်း ပေါင် ၂၅၀သန်း နီးပါး ကြွယ်ဝချမ်းသာသူ တဦး ဖြစ်ပြီး လက်ရှိမှာ သူဟာ တနှစ်ကို လုပ်ခလစာ ယူရို ၅၀သန်း ဝန်းကျင် အထိ ရရှိနေကာ မန်ချက်စတာ ယူနိုက်တက်ကို စုပေါင်းစပ်ပေါင်း ပုံစံမျိုးနဲ့ ဝယ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဗြိတိန်သူဌေး ရက်ကလစ်ဖီက မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူဖို့ အတွက် ဟာမီတန်နဲ့ ပူးပေါင်း လုပ်ဆောင်ဖို့ ကမ်းလှမ်းထားကြောင်း ကောလဟာလ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။

Photo Credit: Express

ဒါပေမယ့် ဟာမီတန်ကတော့ အဆိုပါ ကောလာဟလ သတင်းတွေဟာ မှားယွင်းကြောင်းနဲ့ သူဟာ မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူဖို့ စိတ်ဝင်စားမှု ရှိကြောင်း ထုတ်ဖော် ပြောကြားသွားပါတယ်။ ဟာမီတန်က – “ရက်ကလစ်ဖီက ကျွန်တော့်ကို မန်ချက်စတာ ယူနိုက်တက် ဝယ်ယူရေးကိစ္စမှာ ပါမလား ဆိုပြီး အခုချိန်အထိ လာမမေးသေးပါဘူး။ ဒါပေမယ့် ကျွန်တော်က ဘောလုံးအသင်းတွေကို ဝယ်ယူဖို့ စိတ်ဝင်စားပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်က လူမဲပိုင်ရှင် တဦးအနေနဲ့ အားကစားအသင်း တသင်းကို ပိုင်ဆိုင်ချင်လို့ပါ။ အားကစားလောကထဲမှာ လူမဲပိုင်ရှင်တွေ အတော်လေး ရှားနေသေးတယ်လေ” လို့ ပြောကြားသွားခဲ့တာပါ။