ဂျာမနီနဲ့ လီဗာပူးလ် ကစားသမားဟောင်းကြီး ဒီဒီ ဟာမန်းက လာမယ့် ဘောလုံးရာသီ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ မန်ချက်စတာ ယူနိုက်တက်အသင်းက အာဆင်နယ်နဲ့ လီဗာပူးလ်အသင်းတို့ရဲ့အထက် အဆင့် (၂)နေရာမှာ ရပ်တည်နိုင်လိမ့်မယ်လို့ ကြိုတင် ဟောကိန်းထုတ် ပြောဆိုသွားခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက အက်ဖ်အေဖလား ချန်ပီယံ ဖြစ်ခဲ့ရပေမယ့်လည်း ပရီးမီးယားလိဂ်မှာတော့ အဆင့်(၈)နေရာအထိ ကျဆင်းခဲ့ရသလို အဆင့် (၄)နေရာက အက်စတွန် ဗီလာနဲ့ (၈)မှတ်အထိ ကွာဟခဲ့ပြီး ချန်ပီယံ မန်ချက်စတာ စီးတီးအသင်းနဲ့လည်း ရမှတ် စုစုပေါင်း (၃၁)မှတ်အထိ ကွာဟနေခဲ့ပါတယ်။

Photo Credit : Daily Mail

ဒီလို အခြေအနေတွေကြောင့် ယူနိုက်တက်ဟာ အသင်းနည်းပြ အဲရစ် တန်ဟက်ဂ်ကိုပါ ရာထူးကနေ ထုတ်ပယ်ဖို့အထိ စဉ်းစားခဲ့ပေမယ့်လည်း မထုတ်ပယ်ဖြစ်ခဲ့ပဲ အသင်းက အသင်းအတွင်း အပြောင်းအလဲ ကြီးကြီးမားမားတွေလည်း လုပ်ဆောင်ထားခဲ့သလို ဒီနွေမှာပါ ထိပ်တန်း အပြောင်းအရွှေ့ (၂)ခုကို လျင်လျင်မြန်မြန် လုပ်ဆောင်ထားနိုင်ခဲ့ပါသေးတယ်။

လက်ရှိမှာ ယူနိုက်တက်အသင်း သွားနေတဲ့ပုံစံက ပြီးခဲ့တဲ့ ရာသီတွေကထက် ပိုမို စနစ်တကျ ရှိလာသလို နောက်ထပ် ကစားသမား ဖြည့်တင်းမှုတွေပါ လုပ်ဆောင်သွားဖို့လည်း ရှိနေတာကြောင့် ဟာမန်းက ဒီရာသီ ယူနိုက်တက်က ပရီးမီးယားလိဂ်မှာ အခြေအနေကောင်းတစ်ရပ် ဖြစ်လာနိုင်တယ်လို့ ယူဆခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Sky Sports

“မန်စီးတီးက သူတို့ အမြဲတမ်း ရပ်တည်နေတဲ့ နေရာမှာ ဆက်ပြီး မမြင်တွေ့ရဖို့ ဆိုတာက ခက်ခဲပါတယ်။ နောက်ပြီး အာဆင်နယ်နဲ့ ပတ်သက်ပြီး ကျွန်တော်ကတော့ မသေချာဘူးလို့ပဲ ပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က သူတို့ရဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်လို့ပါပဲ။ မန်စီးတီးပြီးရင် အဆင့်(၂)နေရာမှာ မန်ယူနိုက်တက် ရှိနေမယ်လို့ ထင်ပါတယ်။”

“ယူနိုက်တက်က အခု သူတို့ချိတ်ဆက်နေတဲ့ ကစားသမားတွေပါ ထပ်ခေါ်နိုင်မယ်ဆိုရင် အဆင့်(၂)နေရာမှာ ရှိနိုင်ပါတယ်။ ပြီးရင်တော့ အာဆင်နယ်က အဆင့်(၃) လီဗာပူးလ်က အဆင့်(၄)ပါ။ မန်ယူနိုက်တက်က ဒီရာသီမှာ အဆင်ပြေနိုင်လိမ့်မယ်လို့ ကျွန်တော် ခံစားမိပါတယ်။ ကိုဘီ မိန်နူးက ယူနိုက်တက်အသင်းအတွက် ပိုပြီး အားထားရတဲ့ ကစားသမား ဖြစ်လာနိုင်သလို သူက အရေးအပါဆုံး ကစားသမားပါ ဖြစ်လာပါလိမ့်မယ်။” လို့ ဟာမန်းက မှတ်ချက်ပြု ပြောဆိုလိုက်ပါတယ်။