ပီအက်စ်ဂျီအသင်းရဲ့ ကြယ်ပွင့်နောက်ခံလူ အာချပ်ဖ် ဟာကီမီက သူရင်ဆိုင်နေရတဲ့ မုဒိမ်းမှုစွပ်စွဲချက်များနဲ့ ပတ်သက်ပြီး ကာလရှည်ကြာ တိတ်ဆိတ်နေရာကနေ ပထမဆုံးအကြိမ်အဖြစ် ဖွင့်ဟပြောကြားလိုက်ပါတယ်။ သူဟာ ဒီစွပ်စွဲချက်တွေဟာ လိမ်ညာမှုသက်သက်သာဖြစ်ကြောင်း အခိုင်အမာပြောဆိုခဲ့ပြီး ဒီကိစ္စက သူ့ရဲ့နာမည်ဂုဏ်သတင်းနဲ့ မိသားစုအပေါ် ဘယ်လိုထိခိုက်စေခဲ့ကြောင်း ရင်ဖွင့်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ်ကတည်းက ဟာကီမီဟာ သူ့ရဲ့နေအိမ်မှာ အသက် (၂၄)နှစ်အရွယ် အမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာစော်ကားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရင်ဆိုင်နေခဲ့ရတာ ဖြစ်ပါတယ်။ Canal+ နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သူက ဒီစွပ်စွဲချက်တွေရဲ့ ပုဂ္ဂိုလ်ရေးရာ သက်ရောက်မှုတွေကို အလေးပေးပြောကြားခဲ့ပါတယ်။

Photo Credit : Goal

“ကျွန်တော့်ဘဝမှာ ဒီလိုထိခိုက်နစ်နာမှုမျိုး တစ်ခါမှ မကြုံဖူးပါဘူး။ လိမ်ညာမှုတစ်ခုပြီးတစ်ခု ရေးသားခံရတဲ့အခါ ဒါက အရမ်းနာကျင်ရပါတယ်၊။ အထူးသဖြင့် ကျွန်တော့်မိသားစုအတွက်ပေါ့။ ကျွန်တော့်ကလေးတွေက ငယ်ပါသေးတယ်။ တစ်နေ့နေ့မှာ သူတို့အဖေနဲ့ပတ်သက်တဲ့ ဒီလိုလိမ်ညာမှုတွေကို ဖတ်မိကြမှာကို တွေးပြီး မခံစားနိုင်ပါဘူး။” လို့ ဟာကီမီက ဆိုပါတယ်။ ”

ဟာကီမီက သူဟာ အပြစ်ကင်းစင်ကြောင်းနဲ့ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေကို အပြည့်အဝ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။ “ကျွန်တော့်ကို စွပ်စွဲထားတဲ့အရာက လိမ်ညာမှုသက်သက်ပဲဆိုတာ ကျွန်တော်သိပါတယ်။ ကျွန်တော် ဘာအမှားမှ မလုပ်ခဲ့ဘူး၊ ဘယ်တော့မှလည်း လုပ်မှာမဟုတ်ဘူး။ ကျွန်တော် ရဲတပ်ဖွဲ့နဲ့ အမြဲတမ်း အဆင်သင့်ရှိနေခဲ့ပါတယ်။ ကျွန်တော့်ဘက်ကအဖြစ်အပျက်ကို ရှင်းပြဖို့ သူတို့ကို စကားပြောခွင့်တောင် တောင်းခဲ့သေးတယ်။ သူတို့ဆီမှာ ကျွန်တော့်ရဲ့ DNA လည်း ရှိပါတယ်။ ကျွန်တော်က အမြဲတမ်းအဆင်သင့်ရှိခဲ့ပေမယ့် ကျွန်တော့်ကိုစွပ်စွဲတဲ့သူကတော့ လိုအပ်တဲ့သူတွေအတွက် အရာရာကို လွယ်ကူအောင် လုပ်မပေးခဲ့ပါဘူး” လို့ သူက ဆိုပါတယ်။

Photo Credit : France24

ကျော်ကြားတဲ့ ဘောလုံးသမားတစ်ယောက်ဖြစ်တာကြောင့် ဒီလိုအဖြစ်အပျက်တွေနဲ့ ကြုံတွေ့ရနိုင်ခြေရှိကြောင်း ဟာကီမီက ဝန်ခံခဲ့ပါတယ်။ “ဘောလုံးလောကမှာ ကျွန်တော်တို့ကို အခွင့်ကောင်းယူချင်တဲ့သူတွေ အများကြီးရှိပါတယ်။ ဥပမာ ငွေညှစ်တာမျိုးပေါ့။ ဒီအဖြစ်အပျက်ဖြစ်ပြီးတဲ့နောက်မှာ ကျွန်တော် အရာတော်တော်များများကို ပြောင်းလဲပစ်ခဲ့တယ်။ အခုဆိုရင် ကျွန်တော့်ရဲ့ မိတ်ဆွေအပေါင်းအသင်းအသိုင်းအဝိုင်းက အရမ်းကို သေးသွားပြီး ဘယ်သူ့ကိုမှ အဝင်မခံတော့ပါဘူး။” လို့ သူက ဖွင့်ဟခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဩဂုတ်လမှာ အစိုးရရှေ့နေတွေက ဟာကီမီကို တရားရုံးတင်စစ်ဆေးဖို့ တောင်းဆိုခဲ့ပါတယ်။ တကယ်လို့ အပြစ်ရှိကြောင်းထင်ရှားပါက သူဟာ ထောင်ဒဏ် (၁၅)နှစ်အထိ ကျခံရနိုင်ပါတယ်။ ဒါပေမဲ့ ဟာကီမီရဲ့ ရှေ့နေအဖွဲ့ကတော့ ဒီစွဲချက်တွေကို အယူခံဝင်သွားမှာဖြစ်ပြီး သူကိုယ်တိုင်ကလည်း “တရားမျှတမှုက သူ့အလုပ်သူလုပ်နေပါတယ်။ အမှန်တရား မကြာခင် ပေါ်ပေါက်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။ ဒီလိုကြီးမားတဲ့ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရပေမယ့် ဟာကီမီဟာ ပီအက်စ်ဂျီအသင်းနဲ့ မော်ရိုကိုလက်ရွေးစင်အသင်းအတွက် ပုံမှန်ပွဲထွက်ကစားသမားအဖြစ် ဆက်လက်ပါဝင်ကစားနေဆဲ ဖြစ်ပါတယ်။