မန်ချက်စတာ စီးတီးအသင်း အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ခရစ္စတယ် ပဲလေ့စ်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲအတွင်း ရခဲ့တဲ့ ပင်နယ်တီ ကန်ခွင့်ကို အခြားကစားသမားကို ပေးလိုက်တဲ့ အာလင်း ဟာလန်းဟာ လီယွန်နယ် မက်ဆီ ဒါမှမဟုတ် ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့နဲ့ တစ်တန်းတည်း သတ်မှတ်လို့ မရဘူးလို့ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဝိန်း ရွန်းနီက ပြောကြားလိုက်ပါတယ်။
ဝင်ဘလေကွင်းမှာ ကစားခဲ့တဲ့ အဲဒီ့ဗိုလ်လုပွဲမှာ စီးတီးတို့ဟာ ပဲလေ့စ်ကို ၁-၀ နဲ့ ရှုံးနိမ့်နေခဲ့ပြီးနောက် ပထမပိုင်း ပြီးခါနီးလောက်မှာ စီးတီးက ပင်နယ်တီ ကန်ခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ ဒီပင်နယ်တီကို အိုမာ မာမွတ်ရှ်က ကန်သွင်းခဲ့ရာ ပဲလေ့စ် ဂိုးသမား ဒင်း ဟန်ဒါဆန်က ကာကွယ်ခဲ့ပါတယ်။ တကယ်တော့ ပုံမှန်အားဖြင့် စီးတီးရဲ့ ပင်နယ်တီ အဓိက ကန်သွင်းသူဟာ ဟာလန်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီပွဲမှာတော့ ဟာလန်းက ပင်နယ်တီ ကန်သွင်းခြင်း မရှိဘဲ မာမွတ်ရှ်ကိုသာ ကန်ခိုင်းခဲ့ပြီး ဒီလို လုပ်ဆောင်မိခဲ့တာက အမှားတစ်ခု ဖြစ်သွားခဲ့ပါတယ်။
Photo Credit : GiveMeSport
မန်ယူနိုက်တက် ဂန္တဝင် ကစားသမားဟောင်း ရွန်နီကတော့ ဒဏ်ရာကနေ ပြန်လာပြီး (၂)ပွဲသာ ပြန်လာကစားရသေးတဲ့ ဟာလန်းဟာ ပွဲရဲ့ဖိအားဒဏ်ကို မခံနိုင်ဘဲ တာဝန်ယူမှု ပင်နယ်တီ ကန်သွင်းရမယ့် တာဝန်ကို လက်လွှဲလိုက်တာလားလို့ မေးခွန်းထုတ်ခဲ့ပါတယ်။ “အာလင်း ဟာလန်းဟာ ကမ္ဘာ့အဆင့် တိုက်စစ်မှူးတစ်ယောက်ပါ။ ဒါပေမဲ့ ကျွန်တော်တို့ လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနိုတို့အကြောင်း ပြောနေပြီဆိုရင် သူတို့ကတော့ အဲ့ဒီလို ဘောလုံးကို ဘယ်နည်းနဲ့မှ တခြားသူကို ပေးလိုက်မှာ မဟုတ်ဘူး။”
“အဲဒါကပဲ အဲဒီကစားသမား (၂)ဦး (မက်ဆီ၊ ရော်နယ်ဒို) နဲ့ အာလင်း ဟာလန်း ဒါမှမဟုတ် ကီလီယန် အမ်ဘာပေနဲ့ တခြားကစားသမားတွေကို ကွာခြားစေတာပါ။ သူတို့ (မက်ဆီ၊ ရော်နယ်ဒို) တွေက တစ်ကိုယ်ကောင်းဆန်ကြပြီး ပွဲတိုင်း ဂိုးသွင်းချင်ကြသူတွေပါ။” လို့ ရွန်းနီက BBC Sport ကို ပြောပါတယ်။
Photo Credit : Sportskeeda
ရွန်နီက ဆက်ပြီး “ဟာလန်းက အခွင့်အရေးတွေ လွဲချော်တဲ့အခါ သူ့အပေါ် စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှု ရှိတာကို မြင်ရပါတယ်။ ဝင်ဘလေလို ကွင်းကြီးမှာ ပင်နယ်တီ ကန်ရမယ့်အတွေးက သူ့အတွက် များသွားတာလည်း ဖြစ်နိုင်ပါတယ်။ ဘယ်သူမှ အတိအကျ မပြောနိုင်ပေမယ့် သူလည်း လူသားတစ်ယောက်ပဲလေ။” လို့ မှတ်ချက်ပြုခဲ့ပါတယ်။
စီးတီးနည်းပြ ပက် ဂွါဒီယိုလာကတော့ ပင်နယ်တီကို ဟာလန်း ကန်လိမ့်မယ်လို့ သူကိုယ်တိုင် မျှော်လင့်ခဲ့ပေမယ့် ဘယ်သူကန်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ကွင်းထဲက ကစားသမားတွေ ကိုယ်တိုင် ချခဲ့တာပါလို့ ဆိုပါတယ်။ “သူ (ဟာလန်း) ကန်ချင်လိမ့်မယ်လို့ ကျွန်တော် ထင်ခဲ့တာ။ ကျွန်တော်တို့ အဲဒီ့ကိစ္စကို စကားမပြောဖြစ်ခဲ့ဘူး။ အစည်းအဝေးတွေမှာ မေးခွန်းတွေရှိပေမယ့် ဖရီးကစ်တို့ ပင်နယ်တီတို့လို အခြေအနေတွေကတော့ အဓိက ကစားသမား ကိုယ်ဘယ်လို ခံစားရသလဲဆိုတာပါပဲ။ အိုမာ ကန်ဖို့ အသင့်ဖြစ်နေတာကို သူတို့ ကစားသမားတွေ မြင်ခဲ့ကြတယ်” လို့ ဂွါဒီယိုလာက ရှင်းပြခဲ့ပါတယ်။