မန်ချက်စတာ စီးတီးအသင်းရဲ့ တိုက်စစ်မှူး အာလင်း ဟာလန်းက နော်ဝေအသင်း အီတလီကို ၃-၀ နဲ့ အပြတ်အသတ် အနိုင်ရရှိခဲ့ပြီးနောက် စတေးလ် ဆောလ်ဘက်ကန်ရဲ့ ကစားသမားတွေဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ မပါဘဲ မဖြစ်လောက်အောင် ကောင်းမွန်တဲ့ အဆင့်ကို ရောက်နေပြီလို့ ပြောပါတယ်။

နော်ဝေအသင်းဟာ နိုင်ငံတကာ ပြိုင်ပွဲကြီးတွေမှာ ပါဝင်ဆင်နွဲရဖို့အတွက် ခြေစစ်ပွဲတွေ မအောင်မြင်ခဲ့တာဆိုရင် နှစ်ပေါင်း (၂၅)နှစ်လောက်အထိတောင် ကြာမြင့်နေပြီ ဖြစ်ပေမယ့် အခုတော့ အဲဒီအခြေအနေ ပြောင်းလဲနိုင်ဖို့ ရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ နော်ဝေဟာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စု (I) မှာ ပထမသုံးပွဲစလုံး အနိုင်ရရှိထားပြီး စံချိန်တင်ထားလို့ပါ။ သူတို့အုပ်စုမှာ အစ္စရေး အီတလီ အက်စ်တိုးနီးယားနဲ့ မော်လ်ဒိုဗာအသင်းတို့ ပါဝင်ပါတယ်။

Photo Credit : Manchester City FC

အိမ်ကွင်းမှာ အီတလီအသင်းကို ဂိုးပြတ် အနိုင်ရရှိခဲ့တာဟာ နော်ဝေအသင်းရဲ့ နောက်ဆုံးအဆင့်ပြိုင်ပွဲတွေ ခြေစစ်မအောင်နိုင်ခဲ့တဲ့ စိတ်ပျက်စရာ မှတ်တမ်းကို အဆုံးသတ်ဖို့အတွက် ကြီးမားတဲ့ ခြေလှမ်းတစ်လှမ်းပါပဲ။ ဟာလန်းကလည်း စကန်ဒီနေးဗီးယားဒေသက အင်အားနည်းခဲ့တဲ့ အသင်းလေးအတွက် အောင်မြင်မှုတွေ အများကြီး ရှိနေသေးတယ်လို့ ယုံကြည်နေပါတယ်။ “ကျွန်တော်တို့အသင်းက ပြိုင်ပွဲကြီးတွေမှာ မကစားရဘဲ ကျန်ခဲ့ဖို့ မဖြစ်သင့်တော့လောက်အောင် ကောင်းနေပါပြီ။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ဖိအားပေးတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ကမ္ဘာ့ဖလားရော ယူရိုပြိုင်ပွဲမှာပါ ကစားကို ကစားရမှာ။” လို့ ဟာလန်းက NRK သတင်းဌာနကို ပြောခဲ့ပါတယ်။

ဒီပွဲမှာ အသက်(၂၀)အရွယ် အန်တိုနီယို နူဆာကတော့ “Man of the match” အဖြစ် ခြေစွမ်းပြသသွားခဲ့ပါတယ်။ သူဟာ ဆော်လော့သ်အတွက် အဖွင့်ဂိုးကို ဖန်တီးပေးခဲ့သလို ဒုတိယဂိုးကိုလည်း သူကိုယ်တိုင် သွင်းယူပေးခဲ့တာပါ။ “ဘာပြောရမှန်းတောင် မသိတော့ဘူး။ တကယ်ကို မယုံနိုင်စရာ ညတစ်ညပါပဲ။ ဒီပတ်ဝန်းကျင်ကို ကြည့်စမ်းပါ။ Ullevaal ကွင်းမှာ ကစားရတာ တကယ်ကို မယုံနိုင်လောက်အောင် ကောင်းပြီး ကျွန်တော်အရမ်းကြိုက်တယ်။ ဒီနေ့ပွဲက တကယ်ကောင်းတယ်။ ကျွန်တော် ခြေစွမ်းပြနိုင်ခဲ့တယ်။ သွားရမယ့်လမ်းက အများကြီးကျန်သေးပေမယ့် ကျွန်တော်တို့ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေပါပြီ။” ” လို့ နူဆာက သူ့ရဲ့ခံစားချက်ကို ပြောပါတယ်။

Photo Credit : ABC News

အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူး ဆော်လော့သ်ကလည်း ဒီညဟာ နော်ဝေဘောလုံးသမိုင်းမှာ နှစ်ပေါင်းများစွာ အမှတ်ရနေမယ့် ညတစ်ညဖြစ်တယ်လို့ သဘောတူခဲ့ပါတယ်။ “ဒီလိုရလဒ်မျိုးတွေ ဖော်ဆောင်နိုင်တဲ့ ခြေစွမ်း ကျွန်တော်တို့မှာရှိတယ်ဆိုတာ သိပါတယ်။ ဒါကိုပြသဖို့ ကျွန်တော်တို့ ရုန်းကန်ခဲ့ရတာပါ။ အခုနောက်ဆုံးတော့ အကောင်းဆုံးလုပ်ပြနိုင်ခဲ့လို့ တကယ်ကို ကျေနပ်မိပါတယ်။”

“ဘောလုံးအင်အားကြီးနိုင်ငံတစ်သင်းကို ပထမပိုင်းအပြီးမှာ ၃-၀ နဲ့ ဦးဆောင်နိုင်ခဲ့တယ်ဆိုတာ ကျွန်တော်တောင် မယုံနိုင်ခဲ့ဘူး။ ပြိုင်ဘက်ကို ထည့်စဉ်းစားရင် ပထမပိုင်းမှာ ကျွန်တော်တို့ အမှားအယွင်းမရှိနီးပါး ကစားနိုင်ခဲ့တယ်။ တစ်သင်းလုံးရဲ့ ကြိုးစားအားထုတ်မှုက အံ့မခန်းပါပဲ” လို့ ဆော်လော့သ်က ပြောပါတယ်။ နော်ဝေအသင်းဟာ သူတို့ရဲ့ နောက်ထပ် ကမ္ဘာ့ဖလားခြေစစ်ပွဲကို တနင်္လာနေ့ညမှာ အက်စတိုးနီးယားအသင်းနဲ့ အဝေးကွင်းမှာ သွားရောက်ကစားရမှာ ဖြစ်ပါတယ်။