ပရီးမီးယားလိဂ် အင်အားကြီးကလပ် အာလင်း ဟာလန်းက သူဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီရဲ့ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်ခဲ့ပေမယ့် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို မရခဲ့တဲ့ အတွက် စိတ်မပျက်ပဲ မက်ဆီဟာ ထာဝရ အကောင်းဆုံး ကစားသမား ဖြစ်တာကြောင့် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုနဲ့ ထိုက်တန်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် နော်ဝေလက်ရွေးစင် တိုက်စစ်မှူး အာလင်း ဟာလန်းက လက်ရှိမှာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး သူက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မန်ချက်စတာ စီးတီးနဲ့အတူ ဆုဖလား ၃လုံးကို တပြိုင်နက်ထဲ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Photo Credit: The Sun

အာလင်း ဟာလန်းက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မန်ချက်စတာ စီးတီးအတွက် ပြိုင်ပွဲစုံမှာ ၅၃ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၅၂ဂိုး အထိ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၃ကြိမ် အထိ ရရှိခဲ့ပြီး သူက မန်ချက်စတာ စီးတီးကို ချန်ပီယံလိဂ်ဖလား ၊ ပရီးမီးယားလိဂ်ဖလားနဲ့ အက်ဖ်အေဖလားတို့ ဆွတ်ခူး ရယူနိုင်အောင် အကောင်းဆုံး ကူညီပေးနိုင်ခဲ့ပါတယ်။

ဟာလန်းက မန်ချက်စတာ စီးတီးနဲ့အတူ ချန်ပီယံလိဂ်ဖလား အပါအဝင် ဆုဖလား ၃လုံး အထိ ရယူနိုင်ခဲ့သလို ဂိုးသွင်းအများဆုံး ကစားသမား ဆိုတဲ့ ဂုဏ်ပုဒ်ကိုလည်း ရယူနိုင်ခဲ့ပေမယ့် ၂၀၂၃ခုနှစ်ရဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီက ရရှိသွားခဲ့ပါတယ်။

Photo Credit: Sky Sports

ဒါကြောင့်ပဲ နောက်ဆုံးပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သတင်းထောက် တဦးက ဟာလန်းကို ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုအား မရခဲ့တဲ့ အတွက် ဘယ်လိုခံစားရလဲ ဆိုတဲ့ မေးခွန်းကို မေးမြန်းခဲ့ပြီး ဟာလန်းကတော့ မက်ဆီဟာ ကမ္ဘာ့ဖလားကို ရထားသလို ထာဝရ အကောင်းဆုံး ကစားသမားလည်း ဖြစ်တာကြောင့် ရွှေဘောလုံးဆုကို မရခဲ့တဲ့အပေါ် စိတ်မပျက်မိပါဘူးလို့ ရိုးရိုးသားသား ပြန်ဖြေသွားခဲ့ပါတယ်။

ဟာလန်းက – “မေးခွန်းကတော့ အတော်လေး ကောင်းတဲ့ မေးခွန်းပါ။ ကျွန်တော်က အဲ့ဒီအတွက် (ရွှေဘောလုံးဆုနဲ့ လွဲချော်ခဲ့တဲ့အပေါ်) ဘာမှမပြောချင်ပါဘူး။ မက်ဆီက ကမ္ဘာ့ဖလားကို ရထားတဲ့သူလေ။ ပြီးတော့ ကျွန်တော့်ရဲ့ အမြင်မှာ မက်ဆီက ထာဝရ အကောင်းဆုံး ကစားသမားပါ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။