ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ အဓိက တိုက်စစ်မှူး အာလင်း ဟာလန်းကတော့ ယနေ့မနက် အစောပိုင်းမှာ ပရီးမီးယားလိဂ် ပွဲစဉ်(၅) အဖြစ် နော်တင်ဟမ် ဖောရက်စ်နဲ့ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲစဉ်မှာ အသင်းအတွက် ဟက်ထရစ် သွင်းယူပေးနိုင်ခဲ့ပြီး သူ့ရဲ့ ဂိုးသွင်း စွမ်းရည်ကောင်းကို သက်သေပြသွားခဲ့ပါတယ်။

မန်ချက်စတာ စီးတီးက ပရီးမီးယားလိဂ် ပွဲစဉ်(၅) အဖြစ် နော်တင်ဟမ် ဖောရက်စ်ကို အိမ်ကွင်း အီတီဟတ်မှာ ဧည့်ခံ ကစားခဲ့ရာ ဟာလန်းရဲ့ ပထမပိုင်း ဟက်ထရစ် ၊ ကန်ဆယ်လို ၊ အယ်ဗာရက်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ဂိုးဒါဇင်ဝက် အထိ သွင်းယူပြီး ၆-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်နိုင်ပွဲ တပွဲ ရရှိခဲ့ပါတယ်။

Photo Credit: Sports Max

မန်ချက်စတာ စီးတီးရဲ့ တိုက်စစ်မှူး အာလင်း ဟာလန်းရဲ့ နော်တင်ဟမ် ဖောရက်စ်နဲ့ ပွဲစဉ်မှာ ရခဲ့တဲ့ ဟက်ထရစ်ဟာ သူ့ရဲ့ မန်ချက်စတာ စီးတီး ကစားသမား ဘဝ ဒုတိယမြောက် ဟက်ထရစ် ဖြစ်ခဲ့ပြီး ဟာလန်းက ပရီးမီးယားလိဂ်ပွဲ ၅ပွဲ ကစားထားပြီးချိန်မှာ မန်ချက်စတာ စီးတီး အတွက် သွင်းဂိုး ၉ဂိုး သွင်းယူပေးထားသလို ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အခုမှ စတင် ကစားဖူးတဲ့ ကစားသမား တဦး အတွက် ဟာလန်းရဲ့ ဂိုးသွင်းစွမ်းရည်က အံ့မခန်း စွမ်းဆောင်ရည် တရပ် ဖြစ်ပြီး ဟာလန်းက ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးကလပ်တွေ ဖြစ်တဲ့ ချယ်လ်ဆီးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ထက်တောင် ဂိုးတွေ ပိုသွင်းထားနိုင်တာကိုလည်း အံ့အားသင့်ဖွယ် တွေ့ရှိရပါတယ်။

Photo Credit: Sports Max

အချက်အလက်တွေအရ ဟာလန်းက ပရီးမီးယားလိဂ်ရဲ့ ပွဲစဉ်(၅) အပြီးမှာ သွင်းဂိုး ၉ဂိုး အထိ ရရှိထားပြီး ချယ်လ်ဆီးကတော့ ၅ပွဲ ကစားထားချိန်မှာ သွင်းဂိုး ၆ဂိုးသာ ရထားသလို မန်ချက်စတာ ယူနိုက်တက်ကလည်း ၄ပွဲ ကစားထားပြီးချိန်မှာ သွင်းဂိုး ၄ဂိုးသာ ရရှိထားပါတယ်။

ဒါကြောင့်ပဲ ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက ဟာလန်းရဲ့ ဂိုးသွင်းစွမ်းရည်ဟာ ကမ္ဘာ့အဆင့် တိုက်စစ်မှူး တဦးမှာသာ မြင်တွေ့ရနိုင်တဲ့ ဂိုးသွင်းစွမ်းရည်မျိုး ဖြစ်ကြောင်း အပြိုင်အဆိုင် ချီးကျူးနေကြပါတယ်။