မန်ချက်စတာ စီးတီးအသင်းရဲ့ တိုက်စစ်မှူးဖြစ်သူ နော်ဝေ ဂိုးသွင်းစက် အာလင်း ဟာလန်းကတော့ မန်စီးတီးအသင်းအတွက် အားထားရတဲ့ တိုက်စစ်မှူးတစ်ဦး ဖြစ်ပေမယ့်လည်း ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ သူရဲ့ သွင်းဂိုးနှုန်းတွေ ကျဆင်းလာခဲ့ရပါတယ်။

ဒေါ့မွန်ကနေ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့လာပြီးနောက် တစ်ရာသီအတွင်းမှာပဲ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ဘယ်ကစားသမားမှ မရဖူးသေးတဲ့ သွင်းဂိုးစံချိန်ကိုပါ ပိုင်ဆိုင်ခဲ့တဲ့ ဟာလန်းက လက်ရှိမှာလည်း ပရီးမီးယားလိဂ် (၇)ပွဲကစား (၈)ဂိုးအထိ သွင်းယူထားနိုင်ပါတယ်။

Photo Credit : beIN SPORT

မန်စီးတီး ကစားသမားဘဝ ပွဲဦးထွက်ရာသီမှာ အသင်းနဲ့အတူ Treble Champions ဖြစ်ခဲ့ရသလို သူရဲ့သွင်းဂိုး စွမ်းရည်တွေကြောင့် တစ်ဦးချင်း ဆုဖလားတွေပါ ပိုင်ဆိုင်ခဲ့ရတဲ့ ဟာလန်းက ပရီးမီးယားလိဂ်မှာ ဂိုးမြူးသလောက် ချန်ပီယံလောက်မှာတော့ ဂိုးပေါက်ပျောက်နေတာ (၅)ပွဲအထိ ရှိလာခဲ့ရပါတယ်။

ဟာလန်းက မန်စီးတီးအသင်းအတွက် နောက်ဆုံး သွင်းယူခဲ့တဲ့ ချန်ပီယံလိဂ်ဂိုးမှာ မနှစ်က ဘိုင်ယန်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ကွာတားဖိုင်နယ် ဒုကျော့ပွဲစဉ်မှာဖြစ်ပြီး အဲ့ဒီနောက်ပိုင်း ရီးယဲလ်နဲ့ ကစားခဲ့တဲ့ ဆီမီး နှစ်ကျော့လုံးမှာရော အင်တာနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဖိုင်နယ်ပွဲတွေအထိ ဆက်တိုက် ဂိုးပေါက်ပျောက်ခဲ့ရပါတယ်။

Photo Credit : The Independent

ဒါတင်မကသေးပဲ ဒီနှစ်ဘောလုံးရာသီ ချန်ပီယံလိဂ် ပွဲစဉ်တွေအတွင်း ဇဗက်ဒါ လိုက်ပ်ဇစ်တို့နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေမှာလည်း ဟာလန်းက ထပ်မံ ဂိုးပေါက်ပျောက်ဆုံးခဲ့ရပါသေးတယ်။

တကယ်တော့ ဟာလန်းက ပြီးခဲ့တဲ့ ဘောလုံးရာသီထဲ မန်စီးတီးအသင်းနဲ့အတူ ချန်ပီယံလိဂ် ဆုဖလားကြီးရော ချန်ပီယံလိဂ် ဂိုးသွင်းအများဆုံးဆုကို သွင်းဂိုး (၁၂)ဂိုးနဲ့ ပိုင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီရာသီမှာလည်း မန်စီးတီးက လိုက်ပ်ဇစ် ယန်းဘွိုင်းစ် ဇဗက်ဒါတို့လို အသင်းမျိုးတွေနဲ့ တစ်အုပ်စုတည်း ကျရောက်နေလို့ ဟာလန်းရဲ့ ဂိုးတွေ ထပ်မြင်ရဦးမယ်ဆိုပြီး ယူဆခဲ့ရပေမယ့်လည်း အခုထိတော့ (၅)ပွဲဆက်တိုက်တောင် ဂိုးပေါက်ပျောက်နေရဆဲ ဖြစ်ပါတယ်။