လက်ရှိ ချန်ပီယံလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ အဓိက တိုက်စစ်မှူး အာလင်း ဟာလန်းက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ စီးတီး ၃-၂ လိုက်ပ်ဇစ် ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုး ၁ဂိုး သွင်းယူပေးခဲ့ပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ သမိုင်းမှာ ဂိုး ၄၀ ပြည့်တဲ့ အသက်အငယ်ဆုံး ကစားသမား ဆိုတဲ့ စံချိန်သစ် တခု တင်နိုင်ခဲ့ကြောင်း သိရပါတယ်။

အာလင်း ဟာလန်းက ဒေါ့မွန်ကနေ မန်ချက်စတာ စီးတီးဆီ ပြောင်းရွှေ့ပြီးနောက် ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးလို့ နာမည်တပ်ရလောက်အောင် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သူ ဖြစ်ပြီး သူက ပြီးခဲ့တဲ့ရာသီမှာလည်း မန်ချက်စတာ စီးတီးကို ပရီးမီးယားလိဂ် ၊ အက်ဖ်အေ ၊ ချန်ပီယံလိဂ် စတဲ့ ဖလား ၃လုံးစလုံးကို တပြိုင်နက်ထဲ ရယူနိုင်အောင် ဦးဆောင်ပေးနိုင်ခဲ့ပါတယ်။

Photo Credit: Manchester City

ဒီရာသီမှာလည်း အာလင်း ဟာလန်းရဲ့ ခြေစွမ်းတွေက ရပ်တန့်လို့ မရသေးပဲ ဟာလန်းက မန်ချက်စတာ စီးတီး အတွက် ပြိုင်ပွဲစုံမှာ ၂၀ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၉ဂိုး အထိ သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၄ကြိမ် ရရှိထားပါတယ်။

ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ စီးတီး ၃-၂ လိုက်ပ်ဇစ် ပွဲမှာလည်း အာလင်း ဟာလန်းက အသင်းအတွက် အရေးပါတဲ့ ပထမဦးဆုံး ချေပဂိုးကို ပွဲချိန် ၅၄မိနစ်မှာ သွင်းယူပေးခဲ့ပြီး သူ့ရဲ့ဂိုးကြောင့်ပဲ မန်ချက်စတာ စီးတီးရဲ့ Comeback နိုင်ပွဲဟာ ပုံပေါ်ခဲ့တယ်လို့ ပြောရင် မှားမယ် မထင်ပါဘူး။

Photo Credit: France 24

လိုက်ပ်ဇစ်ဘက်ကို သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် အာလင်း ဟာလန်းက သူ့ရဲ့ ကစားသမား ဘဝမှာ ချန်ပီယံလိဂ်ပွဲ ၃၅ပွဲ ကစားခဲ့ရာ သွင်းဂိုး ၄၀ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၅ကြိမ် ရရှိထားပါတယ်။

အာလင်း ဟာလန်းက ချန်ပီယံလိဂ်သွင်းဂိုး ၄၀ဂိုး သွင်းယူနိုင်ချိန်မှာ အသက် ၂၃နှစ် အရွယ်သာ ရှိသေးတာကြောင့် ချန်ပီယံလိဂ်သမိုင်းမှာ ဂိုး၄၀ ပြည့်တဲ့ အသက်အငယ်ဆုံး ကစားသမား ဆိုတဲ့ စံချိန်ကို ရရှိခဲ့ပြီး ဘောလုံးရေးရာ သုံးသပ်သူတွေကတော့ ဒီအတိုင်းသာ ဂိုးဆက်သွင်းနေရင် ဟာလန်းဟာ သူ့ရဲ့ စံပြပုဂ္ဂိုလ် ရိုနယ်ဒိုရဲ့ ချန်ပီယံလိဂ်သမိုင်းမှာ ဂိုးသွင်းအများဆုံး ကစားသမား ဆိုတဲ့ စံချိန်ကို လွှဲယူနိုင်လိမ့်မယ်လို့ ထင်ကြေးပေးနေကြပါတယ်။