မန်ချက်စတာ စီးတီးအသင်းရဲ့ နော်ဝေ တိုက်စစ်ကစားသမား အာလင်း ဟာလန်းက သူဟာ လက်ရှိ ဘောလုံးလောကရဲ့ GOAT ကြီးတစ်ဦးဖြစ်သူ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို အလွန် နှစ်သက် အားကျမိကြောင်း ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။

ဘောလုံးသမား အများစုက ဘောလုံးလောကရဲ့ GOAT ကြီးတွေဖြစ်တဲ့ လီယွန်နယ် မက်ဆီ နဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့လို ထိပ်တန်း ကစားသမားကြီးတွေကို စံပြပုဂ္ဂိုလ်တွေအဖြစ် သတ်မှတ်ထားကြပြီး အတုယူ ကြိုးစားကြလေ့ ရှိပါတယ်။

Photo Credit : Goal

အခုလည်း မန်စီးတီး တိုက်စစ်မှူး ဟာလန်းက ရော်နယ်လ်ဒိုက သူ့အတွက်တော့ အမြဲတမ်း role model တစ်ဦး ဖြစ်ကြောင်းကိုပါ ပြောဆိုလာခဲ့ပါတယ်။ ဟာလန်းက “ကျွန်တော် ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ တွေ့ဆုံချင်မိပါတယ်။”

“ပြီးရင် သူရဲ့ ကျေးဇူးတွေကြောင့် ကျွန်တော် ဘောလုံးသမားတစ်ယောက် ဖြစ်လာခဲ့တာလို့လည်း သူ့ကို ပြောပြသွားချင်ပါတယ်။ ကျွန်တော့်အတွက်တော့ ခရစ္စတီယာနိုက အမြဲတမ်း စံပြပုဂ္ဂိုလ်တစ်ဦးပါပဲ။” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

 

Photo Credit : Goal

အသက် (၂၃)နှစ်အရွယ် နော်ဝေ လက်ရွေးစင် တိုက်စစ်မှူး ဟာလန်းဟာ ရော်နယ်လ်ဒို မက်ဆီတို့ ခေတ်အလွန် ကီလီယန် အမ်ဘာပေနဲ့အတူ အနာဂတ် ဘောလုံးလောကကို လွှမ်းမိုးကြမယ့် ကစားသမားတွေအဖြစ် ရေပန်းစားနေသူလည်း ဖြစ်ပါတယ်။

ဟာလန်းက ပြီးခဲ့တဲ့ ဘောလုံးရာသီကနေ စတင်ပြီး အသင်းလိုက် ဆုဖလားတွေရော တစ်ဦးချင်းဆုတွေကိုပါ ပိုင်ဆိုင်ခဲ့ရသူဖြစ်ပြီး ၂၀၂၃ ဘာလွန်းဒေါဆုပေးပွဲမှာလည်း မက်ဆီရဲ့နောက် ဒုတိယနေရာအထိ ရောက်ရှိခဲ့ရပါတယ်။