စပို့တင်း လစ္စဘွန်းအသင်းရဲ့ ဂိုးသွင်းစက် ဗစ်တာ ယိုကယ်ရက်စ်ဟာ အသင်းက သူ့အပေါ်ပေးထားတဲ့ အပြောင်းအရွှေ့ကတိကို ဖောက်ဖျက်ခဲ့တဲ့အတွက် အသင်းမှာ ကစားဖို့ ငြင်းဆန်ပြီး သပိတ်မှောက်သွားမယ်လို့ ခြိမ်းခြောက်လိုက်တဲ့အတွက် အသင်းနဲ့ ကစားသမားကြားက ဆက်ဆံရေးဟာ အဆိုးရွားဆုံးအခြေအနေကို ရောက်ရှိသွားခဲ့ပါပြီ။
ယိုကယ်ရက်စ်ရဲ့ နွေရာသီအပြောင်းအရွှေ့ သတင်းတွေ ဆက်တိုက် ထွက်ပေါ်နေချိန်မှာပဲ အခုလို ပြဿနာပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ Record သတင်းဌာနရဲ့ ဖော်ပြချက်အရ စပို့တင်းအသင်းဟာ ယိုကယ်ရက်စ်ကို ပေါင်သန်း(၆၀)နဲ့ ထွက်ခွာခွင့်ပြုမယ်လို့ ကတိပေးထားခဲ့ပေမယ့် အခုအခါမှာတော့ ပေါင်သန်း(၇၀)အထိ တိုးမြှင့် တောင်းဆိုခဲ့တာကြောင့် ယိုကယ်ရက်စ်ဟာ အလွန်အမင်း ဒေါသထွက်နေတယ်လို့ သိရပါတယ်။
Photo Credit : Motorcycle Sports
ဒီလုပ်ရပ်ကြောင့် ယိုကယ်ရက်စ်ဟာ သူ့ကို လေးစားမှု မရှိဘူးလို့ ခံစားရကြောင်း အသင်းထံ အသိပေးခဲ့ပြီး လက်ရှိ အခြေအနေအတိုင်းသာဆိုရင် ရာသီကြိုလေ့ကျင့်ခန်း အစီအစဉ်တွေကို ပြန်လာတော့မှာ မဟုတ်ဘဲ အသင်းအတွက် နောက်ဆုံးပွဲစဉ်ကို ကစားပြီးသား ဖြစ်သွားနိုင်တယ်လို့ သပိတ်မှောက်ဖို့ ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။
ဒီသတင်းဟာ ဆွီဒင်တိုက်စစ်မှူးကို ခေါ်ယူဖို့ အပြိုင်ကြဲနေကြတဲ့ ပရီးမီးယားလိဂ် ကလပ်တွေအတွက်တော့ သတင်းကောင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယိုကယ်ရက်စ်အတွက် ကနဦး ချဉ်းကပ်မှုတစ်ခု ပြုလုပ်ထားပြီး ဒီအပြောင်းအရွှေ့သာ ဖြစ်မြောက်ခဲ့ရင် စပို့တင်းအသင်းရဲ့ နည်းပြဟောင်း ရူဘင် အာမိုရင်နဲ့ ပြန်လည်လက်တွဲခွင့်ရမှာ ဖြစ်ပါတယ်။ အာဆင်နယ်နဲ့ ချယ်လ်ဆီးအသင်းတွေကလည်း အသက်(၂၆)နှစ်အရွယ် တိုက်စစ်မှူးကို သဘောကျနေကြတယ်လို့ သိရပါတယ်။
Photo Credit : Caught Offsidee
ယိုကယ်ရက်စ်ဟာ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီမှာ စပို့တင်းအသင်းအတွက် လိဂ်ပွဲ(၃၃)ပွဲမှာ (၃၉)ဂိုးအထိ သွင်းယူပေးခဲ့ပြီး ရာသီပိတ်ပွဲနေ့မှာ ပြိုင်ဘက် ဘင်ဖီကာအသင်းကို ကျော်ဖြတ်ကာ ပေါ်တူဂီ ပရီမီယာလီဂါဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဆွီဒင်သားဟာ ပြိုင်ပွဲစုံမှာ စုစုပေါင်း (၅၄)ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ်မှာ မန်စီးတီးအသင်းကို အံ့အားသင့်ဖွယ် ဟက်ထရစ်သွင်းယူခဲ့တဲ့ ခြေစွမ်းလည်း ပါဝင်ခဲ့ပါတယ်။
ယိုကယ်ရက်စ်တစ်ယောက် နွေရာသီမှာ အသင်းပြောင်းဖို့ကတော့ တဖြည်းဖြည်း သေချာသလောက် ဖြစ်လာနေပေမယ့် နောက်ရာသီမှာ ဘယ်အသင်းအတွက် ကစားပေးမလဲ ဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။ တိုက်စစ်မှူးက သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး သိပ်များများစားစား ဖွင့်ဟပြောဆိုထားတာမျိုး မရှိပေမယ့် မကြာသေးခင်ကတော့ ပူနွေးတဲ့နိုင်ငံမှာ နေထိုင်ပြီးသွားမှတော့ ပိုအေးတဲ့နိုင်ငံကို ပြန်သွားဖို့ကတော့ ခက်ခဲပါလိမ့်မယ်လို့ ဝန်ခံပြောကြားထားခဲ့ဖူးပါတယ်။