အာဆင်နယ်အသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်သူ မီခယ်လ် ဆီဗက်စတားက သူရဲ့ အသင်းဟောင်းအနေနဲ့ တိုက်စစ်ပိုင်းအတွက် ဆာဘီးယား တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်ကို ခေါ်ယူသင့်တယ်လို့ တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

အာဆင်နယ်က လက်ရှိမှာ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းသွားဖို့ လိုအပ်နေပြီး အဲ့ဒီအတွက်လည်း ဘရန့်ဖို့ဒ်ရဲ့ အင်္ဂလန် တိုက်စစ်မှူး အိုင်ဗန် တိုနေးကို ပစ်မှတ်ထားခဲ့ပေမယ့် တိုနေးက ဒီရာသီကုန်အထိ ဘရန့်ဖို့ဒ်မှာ ဆက်ရှိနေဖို့ များနေသလို ဘရန့်ဖို့ဒ်ကလည်း တိုနေးကို ရောင်းထုတ်ဖို့ အစီအစဉ် မရှိပဲ ဖြစ်နေပါတယ်။

Photo Credit : Transfermarket

ဒီလို အခြေအနေတွေကြောင့် အာဆင်နယ်က တခြားသော တိုက်စစ်ပိုင်း ပစ်မှတ်တွေကို အာရုံပြောင်းထားခဲ့ပေမယ့်လည်း ဒီဆောင်းဈေးကွက်အတွင်းမှာ အရည်အသွေးမြင့်မားတဲ့ တိုက်စစ်မှူးတစ်ဦး ခေါ်ယူဖို့ဆိုတာက ခက်ခဲနေရပါတယ်။

ဒီအခြေအနေမှာ အာဆင်နယ် နဲ့ မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်းက “ဒူဆန်က သူရဲ့ စွမ်းဆောင်ရည် နဲ့ နည်းစနစ်ပိုင်းအရဆိုရင် သူဟာ အလွန်ထူးချွန်တဲ့ ကစားသမားတစ်ဦးပါ။ သူနဲ့ ပတ်သက်ပြီး ဂျုဗင်တပ်စ်အသင်းနဲ့ ညှိနှိုင်းရမယ်ဆိုရင်တော့ ဒါက မလွယ်ကူပါဘူး။”

Photo Credit : TEAMtalk

“သူ့ကို ခေါ်ယူမယ်ဆိုရင် အသင်းအတွက် အကျိုးရှိနိုင်မလားလို့ မေးလာရင်တော့ ရာနှုန်းပြည့်ပဲလို့ ကျွန်တော် ဖြေချင်ပါတယ်။ ဒါပေမယ့် ဂျုဗင်တပ်စ်ဘက်ကတော့ သူ့ကို အငှားနဲ့ ဘယ်လိုမှ လက်လွတ်သွားမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့က လက်ရှိအချိန်မှာ အင်တာနဲ့အတူ စီးရီးအေ ချန်ပီယံဆုအတွက် တိုက်ပွဲဝင်နေလို့ပါ။”

“ဒီလို အခြေအနေမှာ သူတို့ဘက်က ဒူဆန် ဗလာဟိုဗစ်ကို အငှားနဲ့ရော အပြီးသတ်ပါ ရောင်းထုတ်ဖို့ဆိုတာ လက်တွေ့မဆန်နိုင်ပါဘူး။ လာမယ့်နွေဈေးကွက်မှသာ ခေါ်ယူဖို့ဆိုရင် ပိုပြီး ဖြစ်နိုင်ခြေ ရှိပါလိမ့်မယ်။” လို့ မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။