ဘိုင်ယန်မြူးနစ်အသင်းနဲ့ နယူးကာဆယ်အသင်းတို့ဟာ အာဆင်နယ်အသင်းရဲ့ ယူကရိန်း ဘယ်နောက်ခံကစားသမား အိုလက်ဆန်းဒါး ဇင်ချန်ကို ကို လာမယ့်နွေမှာ ခေါ်ယူသွားဖို့ အပြိုင်စိတ်ဝင်စားနေကြရာ အာဆင်နယ်က သူတို့ကစားသမားအတွက် ပေါင် (၃၃)သန်းဝန်းကျင်အထိ အလိုရှိနေပါတယ်။

အသက် (၂၇)နှစ်အရွယ် ဘယ်နောက်ခံလူ ဇင်ချန်ကိုဟာ ၂၀၂၂ခုနှစ်ကပဲ မန်စီးတီးကနေ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ ရောက်ရှိလာခဲ့ပြီး အာဆင်နယ်အတွက် အဓိက ကစားသမားတစ်ဦးပါ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Yardbarker

လတ်တလောမှာ ဇင်ချန်ကိုက ခြေသလုံး ဒဏ်ရာပြသာနာ ရရှိနေတာကြောင့် အာဆင်နယ်က ပိုလန် ဘယ်နောက်ခံလူ ခီဝီယောကိုသာ တောက်လျှောက် အသုံးပြုနေရပြီး လာမယ့်နွေမှာလည်း ဘယ်ခြမ်းခံစစ် နေရာအတွက်ပါ ကစားသမားသစ် ဖြည့်တင်းဖို့လည်း ပြင်ဆင်လို့နေပါတယ်။

ခီဝီယောအနေနဲ့ ဇင်ချန်ကိုနေရာမှာ အစားဝင်ကစားရင်းနဲ့ ပုံမှန်ခြေစွမ်းတွေပါ ပြသထားနိုင်ပြီ ဖြစ်တာကြောင့် အာဆင်နယ်က ခီဝီယောကို အသင်းမှာ ဆက်ထိန်းထားနိုင်ပြီး ဇင်ချန်ကို ကိုတော့ လာမယ့်နွေမှာပဲ ရောင်းထုတ်သွားဖို့ စီစဉ်လာခဲ့ပါတယ်။

Photo Credit : Yardbarker

ဇင်ချန်ကိုဟာ အာဆင်နယ်အသင်းနဲ့ ၂၀၂၆ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသူ ဖြစ်ပေမယ့်လည်း လာမယ့်နွေမှာပဲ အသင်းနဲ့ လမ်းခွဲပြီး အသင်းအပြောင်းအလဲ လုပ်ဆောင်ဖို့ ရှိနေရာ သူ့ကို ဘိုင်ယန်မြူးနစ်နဲ့ နယူးကာဆယ်အသင်းတို့က အပြိုင် စိတ်ဝင်စားနေကြပါတယ်။

အာဆင်နယ်အသင်းကတော့ မန်စီးတီးအသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် သန်း(၃၀)နဲ့ ခေါ်ယူထားခဲ့ရတဲ့ ဇင်ချန်ကိုအတွက် ပြောင်းရွှေ့ကြေးအဖြစ် အနိမ့်ဆုံး ပေါင် (၃၃)သန်းအထိ အလိုရှိနေပြီး သူ့ကို နယူးကာဆယ်ထက် ဘယ်နောက်ခံလူ ပိုလိုအပ်မယ့် ဘိုင်ယန်မြူးနစ်ကသာ ပိုမို ကြိုးပမ်းလာဖွယ် ရှိနေပါတယ်။