ဂျာမနီအခြေစိုက် Bild သတင်းစာနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ အီလ်ကိုင် ဂွန်ဒိုဂန်က ဘာစီလိုနာအသင်းကနေ သူထွက်ခွာခဲ့ရတဲ့ အကြောင်းရင်းတွေကို ဖွင့်ဟပြောကြားခဲ့ပါတယ်။ အဓိကအားဖြင့် ငွေကြေးဆိုင်ရာ အကြောင်းပြချက်တွေကြောင့်ဖြစ်ပြီး အသင်းကို အကျပ်အတည်းမဖြစ်စေလိုတဲ့ သူ့ရဲ့ဆန္ဒကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
ဂွန်ဒိုဂန်က “ကျွန်တော် အမြဲတမ်း ဘာစီလိုနာမှာ ကစားဖို့ အိပ်မက်မက်ခဲ့ပြီး အဲ့ဒီအိပ်မက်ကလည်း တကယ်ဖြစ်လာခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် ဧပြီလမှာ ကျွန်တော့်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဇာဗီနဲ့ စကားပြောဖြစ်ခဲ့တယ်။ တကယ်တော့ ဇာဗီက အရမ်းကို ထူးချွန်တဲ့ နည်းပြတစ်ယောက်ပါ။ ကျွန်တော်တို့နှစ်ယောက် တကယ်ကို ကောင်းကောင်းမွန်မွန် လက်တွဲလုပ်ဆောင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ အဲ့ဒီအချိန်က ရီးရဲလ်မက်ဒရစ်က တော်တော်လေး အားကောင်းလွန်းနေခဲ့တာပါ။”
Photo Credit : The New York Times
“ထွက်သွားတာက ပိုကောင်းမယ်လို့ ကျွန်တော် ခံစားခဲ့ရတယ်။ အသင်းနဲ့ ကလပ်အတွက် အတွေ့အကြုံတွေ ယူဆောင်လာပေးဖို့ သူတို့က ကျွန်တော့်ကို အစကတည်းက ခေါ်ယူခဲ့တာပါ။ နောက်ဆုံးမှာတော့ ထွက်သွားတာက ပိုကောင်းတဲ့ ရွေးချယ်မှုလို့ ကျွန်တော်ထင်ခဲ့တယ်။ အသင်းအတွင်းပိုင်းမှာတောင် ဒီအခြေအနေကို ကျွန်တော် သတိပြုမိနေခဲ့ပါတယ်။ ကျွန်တော် တကယ်ကောင်းမွန်တဲ့ ရာသီတစ်ခုကို ကစားနိုင်ခဲ့တယ်လို့ ထင်ပေမယ် သူတို့က ကျွန်တော့်ကို ထွက်သွားစေချင်ခဲ့ကြတယ်။ အဓိကကတော့ ငွေကြေးကိစ္စတွေကြောင့်ပါ။ ပြီးတော့ ကျွန်တော်က စာချုပ်သက်သက်အတွက်ပဲနေပြီး ဘယ်သူ့ကိုမှ ဝန်ထုပ်ဝန်ပိုးဖြစ်စေမယ့် လူစားမျိုးလည်း မဟုတ်ပါဘူး။” လို့ ဂွန်ဒိုဂန်က ရှင်းပြခဲ့ပါတယ်။
ဘာစီလိုနာနည်းပြ ဟန်ဆီ ဖလစ်နဲ့ ပတ်သက်ပြီးတော့လည်း “ဟန်ဆီ ဖလစ်နဲ့ ကျွန်တော်နဲ့က ဆက်ဆံရေး အလွန်ကောင်းမွန်ခဲ့ပါတယ်။ အားလပ်ရက်တွေပြီးတော့ ကျွန်တော်က သူနဲ့ထပ်ပြီး လက်တွဲလုပ်ဆောင်ဖို့ စိတ်အားထက်သန်နေခဲ့ပြီး မျှော်လင့်ချက်လည်း အများကြီးရှိခဲ့တယ်။ အတွင်းကျကျ ဆွေးနွေးမှုတစ်ခု လုပ်ဖြစ်ဖို့ ကျွန်တော် မျှော်လင့်ခဲ့ပေမယ့် အဲ့ဒါက ဖြစ်မလာခဲ့ပါဘူး။ ကလပ်အသင်းမှာ တခြားအစီအစဉ်တွေ ရှိခဲ့တာ ထင်ရှားပါတယ်။ ကိစ္စတော်တော်များများ အကောင်အထည်ပေါ်မလာခဲ့ဘူး။
Photo Credit : Bavarian Football Works
ဥပမာအနေနဲ့ ဖလစ်က ကျွန်တော့်မွေးနေ့မှာ ကျွန်တော့်ကို ဆက်သွယ်ခဲ့တယ်။ အဲ့ဒါက ကျွန်တော့်ကို အရမ်းပျော်ရွှင်စေခဲ့ပါတယ်။ သူ့ကိုရော ကလပ်အသင်းကိုပါ ဆက်လက်အောင်မြင်ပါစေလို့ ကျွန်တော် စိတ်ရင်းမှန်နဲ့ ဆုတောင်းပေးပါတယ်” လို့ ဂွန်ဒိုဂန်က ပြောပါတယ်။ ဆက်လက်ပြီး “ကျွန်တော့်ဇနီး ဆာရာက နောက်ပြောင်တဲ့ လေသံနဲ့ အကြံတစ်ခုပေးခဲ့တယ်။ သူက ‘ပက် ဂွာဒီယိုလာကို ဖုန်းခေါ်လိုက်လေ!’ လို့ပြောတယ်။ နောက်တစ်နေ့မှာ ကျွန်တော် တကယ်ပဲ သူ့ကို ဖုန်းခေါ်လိုက်တယ်။ ပက်က ချက်ချင်းပဲ ‘မင်းကို အသင်းမှာ ပြန်ရရင် ငါအရမ်းပျော်မှာ’ လို့ ပြောခဲ့ပါတယ်။”
“အဲ့ဒီလိုနဲ့ပဲ ဇာတ်လမ်းတစ်ခုလုံးက ဖြစ်ပေါ်လာခဲ့တာပါ။ အခုတော့ အရာအားလုံးက အကောင်းဆုံး အခြေအနေမှာ ရှိနေပါပြီ။ မန်ချက်စတာမှာ ကျွန်တော် အရမ်းကို သက်သောင့်သက်သာရှိပြီး မကြာခင်ဖြစ်စေ နောင်တစ်ချိန်ဖြစ်စေ ကျွန်တော်တို့ ထိပ်တန်းအဆင့်ကို ပြန်လည်ရောက်ရှိလာမှာပါလို့ ကျွန်တော်တကယ် ယုံကြည်ပါတယ်။” လို့ ဂွန်ဒိုဂန်က သူ့ရဲ့ လက်ရှိအသင်းအပေါ် ယုံကြည်ချက်ကို ပြောကြားခဲ့ပါတယ်။