ဒိန်းမတ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ယူရို-၂၀၂၄ ရှုံးထွက် (၁၆)သင်းအဆင့် ပွဲစဉ်မှာ ခက်ခဲမှုတွေ ရှိခဲ့ပြီးတော့ အမှတ်ရစရာကောင်းတဲ့ ပွဲမျိုးလည်း ဖြစ်ခဲ့တယ်လို့ ဂျာမနီ ဝါရင့် ကွင်းလယ်ကစားသမား ဂွန်ဒိုဂန်က ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဂျာမနီအသင်းဟာ ဒိန်းမတ်အသင်းကို (၂)ဂိုး ဂိုးမရှိနဲ့ အနိုင်ယူ ကျော်ဖြတ်ရင်း ကွာတားဖိုင်နယ်အဆင့်ဆီ တက်လှမ်းနိုင်ခဲ့တယ် ဆိုပေမယ့်လည်း လွယ်လွယ်ကူကူနဲ့ အနိုင်ရခဲ့တာ မဟုတ်ပဲ ဒိန်းမတ်ရဲ့ ကစားပုံ မာကြောမှုကြောင့် ဂျာမနီတို့ များစွာ အခက်တွေ့ခဲ့ရပါသေးတယ်။

Photo Credit : CNN

ဒါ့အပြင် ဒိန်းမတ်နောက်ခံလူ ယော်ကွင်း အန်ဒါဆင်ရဲ့ ဒုတိယပိုင်းအစမှာ ရရှိတဲ့ သွင်းဂိုး ခွင့်ပြုမခံရတာအပြင် အန်ဒါဆန်ကပဲ ဂိုးဧရိယာထဲ လက်ထိမိလို့ ပင်နယ်တီ သတ်မှတ်ပေးခံခဲ့ရတာကလည်း ဒီပွဲရဲ့ အလှည့်အပြောင်းတစ်ခု ဖြစ်စေခဲ့ရတယ်။ ဒီပွဲကတော့ အီတလီ-ဆွစ်ဇာလန် ပွဲလိုမျိုး မဟုတ်ပဲ နှစ်သင်းလုံးရဲ့ ကစားအားကို မြင်တွေ့ခဲ့ရပြီး ဂျာမနီတိုက်စစ်ရဲ့ အမြန်နှုန်းနဲ့ ဒိန်းမတ်ခံစစ်ရဲ့ မာကြောကျစ်လစ်မှုတို့ အားပြိုင်ခဲ့ကြပါတယ်။

ဒီပွဲနဲ့ ပတ်သက်ပြီး ဂျာမနီ ကွင်းလယ်လူ ဂွန်ဒိုဂန်က “ဒီပွဲက အမှတ်ရစရာကောင်းတဲ့ပွဲမျိုး ဖြစ်ခဲ့ရတယ်။ ရိုးရိုးသားသား ပြောရရင် အရမ်းလည်း ခက်ခဲပြီးတော့ ထူးဆန်းတဲ့ပွဲမျိုးလည်း ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့တွေလည်း အနည်းငယ်လေး ကံကောင်းမှုတွေ ရှိခဲ့တယ်။ ဒိန်းမတ်အသင်းရဲ့ ခံစစ်က ပွဲတစ်လျှောက်လုံး အရမ်းကို ကောင်းမွန်နေခဲ့တာ။ ဒါပေမယ့် ကျွန်တော်တို့က နိုင်ပွဲနဲ့တော့ ထိုက်တန်မှု ရှိပါတယ်။”

Photo Credit : Instagram

“ကွင်းထဲမှာလည်း ပရိသတ်တွေရဲ့ အားပေးမှုက အရမ်းကို နှစ်ထောင်းအားရစရာကောင်းပါတယ်။ နိုင်ငံတော်သီချင်း စပြီး သီဆိုရချိန်ကတည်းက ကွင်းထဲက ပရိသတ်တွေအားလုံး ကျွန်တော်တို့အသင်းကို အားပေးသွားဖို့ အဆင်သင့် ဖြစ်နေပြီဆိုတာကို ခံစားမိလိုက်ရတယ်။”

“ရိုးရိုးသားသား ပြောရမယ်ဆိုရင် ကျွန်တော် ဒီကွင်းကြီးထဲ ရောက်လာရချိန်မှာ ဘာမှကို သိပ်ပြီး မမျှော်လင့်ထားပါဘူး။ ဒီကွင်းကြီးကို ပြန်လာရတာက အမြဲတမ်းလိုလို စိတ်ခံစားချက်ကောင်းတွေ ရနေပါတယ်။ ကွာတားဖိုင်နယ်ပွဲ ကျင်းပမယ့် စတုဂတ်ကွင်းမှာလည်း အခုလိုပဲ ပရိသတ်တွေ အများကြီး အားပေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။