မန်ချက်စတာ စီးတီးအသင်းဖော် ကီဗင် ဒီဘရိုင်းကို ဂျာမန် ကွင်းလယ်လူ အီလ်ခိုင် ဂွန်ဒိုဂန်က အထူးချီးကျူးလိုက်ပြီး ဘယ်လ်ဂျီယံ ကွင်းလယ်လူဟာ စီးတီးရဲ့ သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမား ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။
အသက်(၃၄)နှစ်အရွယ် ဂွန်ဒိုဂန်က အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် နော်တင်ဟမ် ဖောရက်စ်နဲ့ မတွေ့ဆုံမီ ESPN နဲ့ အင်တာဗျူး အထူးအစီအစဉ်မှာ အခုလို ပြောကြားခဲ့တာပါ။ အသင်းကနေ ထွက်ခွာတော့မယ့် အသင်းဖော်အကြောင်း မေးမြန်းရာမှာ ဂွန်ဒိုဂန်က ချီးကျူးစကားတွေ တဝကြီး ပြောဆိုခဲ့ပြီး ဘယ်လ်ဂျီယံ playmaker ဟာ “သူ့နေရာ အစားထိုးမရနိုင်တဲ့ ကစားသမား” ဖြစ်တယ်လို့ ဆိုပါတယ်။
Photo Credit : Pulse Sports
ဂွန်ဒိုဂန်က ဒီဘရိုင်းဟာ ကလပ်သမိုင်းမှာ အကောင်းဆုံး ကစားသမားဖြစ်ပြီး သူ့နဲ့အတူ ကွင်းထဲမှာ ကစားခဲ့ရတာဟာ ပျော်ရွှင်မှုတစ်ခု ဖြစ်တယ်လို့လည်း ဆက်လက် ပြောကြားခဲ့ပါတယ်။ ဒီဘရိုင်းဟာ မန်စီးတီးအသင်းမှာ (၁၀)ရာသီကြာ ကစားခဲ့ရာမှာ အဓိက ဖလားကြီး (၁၆)လုံးအထိ ရယူနိုင်ခဲ့ပါတယ်။
အီလ်ခိုင် ဂွန်ဒိုဂန်က “သူ့နေရာ အစားထိုးမရပါဘူး။ သူ့နေရာကို ဘယ်သူမှ လွယ်လွယ်ကူကူနဲ့ လာပြီး အစားထိုးနိုင်မှာ မဟုတ်ဘူးဆိုတာ ကျွန်တော်တို့ သိပါတယ်။ သေချာပါတယ်။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်တော့ နေရာကို ပြန်ဖြည့်တင်းရမှာပါ။ ကလပ်က အဲ့ဒါကို အမြဲလုပ်ဆောင်ပါတယ်။ ကီဗင်က ကလပ်အတွက် လုပ်ဆောင်ပေးခဲ့တာတွေက မယုံနိုင်စရာပါပဲ။”
Photo Credit : Football365
“ကျွန်တော့်အတွက်တော့ ကိုယ်တိုင် မြင်တွေ့ရသလောက်ဆိုရင် မန်စီးတီးသမိုင်းမှာ ကီဗင် ဒီဘရိုင်းထက် ပိုကောင်းတဲ့ ကစားသမား မရှိခဲ့ပါဘူး။ သူ့လို ကစားသမားနဲ့ အချိန်အကြာကြီး ကွင်းထဲမှာ အတူ ကစားခွင့်ရခဲ့တာ ပျော်ရွှင်စရာပါပဲ။ ကျွန်တော်နဲ့ သူနဲ့က ကွင်းပြင်ပမှာပါ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိခဲ့ပါတယ်။ ဒါကြောင့် သူ့ကိုရော သူ့မိသားစုကိုပါ သိကျွမ်းခွင့်ရခဲ့တာက ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ။” လို့ ပြောကြားခဲ့ပါတယ်။
စီးတီးအသင်းအတွက် ဒီရာသီဟာ စိတ်ပျက်စရာ ရာသီတစ်ခု ဖြစ်ခဲ့ပေမယ့် အသင်းဟာ အက်ဖ်အေဖလားလိုအဓိက ဖလားတစ်ခုအတွက် ဆက်လက် ယှဉ်ပြိုင်နေဆဲ ဖြစ်ပါတယ်။ ဒီဘရိုင်းကတော့ ကလပ်အသင်းမှာ သူ့ရဲ့ ကစားသမားဘဝကို အက်ဖ်အေဖလားနဲ့ အဆုံးသတ်နိုင်ဖို့ မျှော်လင့်နေပေမယ့် အရင်ဆုံး နူနို အက်စ်ပီရီတို ဆန်းတို့ရဲ့ နော်တင်ဟမ် ဖောရက်စ်လို ခံစစ် ကောင်းတဲ့ အသင်းကို ကျော်ဖြတ်ရမှာ ဖြစ်ပါတယ်။