နယ်သာလန် ဂန္တဝင် ကစားသမားကြီး တဦး ဖြစ်တဲ့ ဂူလစ်ကတော့ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ ဂျူဗင်တပ်ကနေ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ခဲ့ပေမယ့် ယခုအချိန်မှာ အဆင်မပြေမှုတွေနဲ့ ကြုံတွေ့နေရတဲ့ ပေါ်တူဂီ ကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းမိလို့ နောင်တရနေလောက်ပြီလို့ သုံးသပ် ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၇နှစ် အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် တိုက်စစ်မှူး ရိုနယ်ဒိုက ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ ဂျူဗင်တပ်ကနေ သူ့ရဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ဆီ ၂နှစ် + ၁နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ကာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမား အဖြစ်လည်း မှတ်တမ်းဝင်ခဲ့သူပါ။

Photo Credit: Fot Mob

ဒါပေမယ့် ရိုနယ်ဒိုက ယူနိုက်တက် အသင်းဖော်တွေရဲ့ စွမ်းဆောင်ရည် ကျဆင်းလာခြင်း ၊ အသင်းရဲ့ လုံလောက်တဲ့ ကစားသမား အင်အားဖြည့်တင်းမှု မရှိခြင်း ၊ ချန်ပီယံလိဂ်ဝင်ခွင့် မရခြင်း စတဲ့ အကြောင်းပြချက်တွေကြောင့် ယခု နွေဈေးကွက် အတွင်းမှာပဲ အသင်းကနေ ထွက်ခွာခွင့် ပေးဖို့ တောင်းဆိုခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက်ကတော့ သူတို့ရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒိုကို ရောင်းချဖို့ ငြင်းဆန်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ရိုနယ်ဒိုက မချစ်သော်လည်း အောင့်ကာနမ်း ဆိုသလို ယူနိုက်တက်နဲ့အတူ ပြိုင်ပွဲတွေ ယှဉ်ပြိုင်နေရပြီး ရိုနယ်ဒိုနဲ့ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးတဲ့ ဂန္တဝင် ကစားသမားကြီး ဂူလစ်ကတော့ ရိုနယ်ဒိုဟာ သူ့ရဲ့ အသင်းဟောင်းဆီ ပြန်မိလို့ နောင်တရနေလောက်ပြီလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သုံးသပ်သွားခဲ့ပါတယ်။

Photo Credit: Fot Mob

ဂူလစ်က – “ရိုနယ်ဒိုက လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပေါ်တူဂီ အတွက် အကောင်းဆုံး စွမ်းဆောင်ပြနိုင်မယ်လို့ ထင်ပါတယ်။ ရိုနယ်ဒိုက ကမ္ဘာကြီးကို သူဟာ ဘယ်လောက်ကောင်းလဲ ဆိုတာကို ပြသနိုင်ဖို့ အသင့် ပြင်နေလောက်ပါပြီ။ ဒါက ကျွန်တော့်ရဲ့ အမြင်ပါ။ ရိုနယ်ဒိုက စိတ်ဓာတ်ပိုင်းရော ၊ ခန္ဓာကိုယ်ပိုင်းမှာပါ အရမ်းကို ကြံ့ခိုင်တဲ့လူပါ။ သူက ထုတ်ပြောမှာ မဟုတ်ပေမယ့် ကျွန်တော်ကတော့ ရိုနယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက်ဆီ ပြန်လာမိလို့ နောင်တရနေလောက်ပါပြီလို့ ပြောချင်ပါတယ်။ ရိုနယ်ဒိုက ယူနိုက်တက်မှာ ဒီထက် ပိုကောင်းတဲ့ အခြေအနေတွေကို မျှော်လင့်ထားတာ သေချာပါတယ်။ ရိုနယ်ဒိုက ဒီရာသီမှာ သူဟာ ဘယ်လောက်အထိ တန်ဖိုးရှိလဲ ဆိုတာကို သက်သေပြဖို့လည်း ဆုံးဖြတ်ထားလောက်ပါပြီ။ သူက သူ့ကို ဝေဖန်တဲ့ လူတွေကို ပါးစပ်ပိတ်အောင် လုပ်ပြရမယ့် တာဝန်တခုကို ရရှိထားသူပါ” လို့ သုံးသပ်စကား ပြောကြားသွားခဲ့တာပါ။