ဘာစီလိုနာအသင်းရဲ့ ဒါရိုက်တာဖြစ်သူ ဒေကိုက အသင်း ကစားသမားဟောင်း မာ့ခ် ဂီယူအတွက် အရေးကြီးတဲ့ ကမ်းလှမ်းမှုတစ်ရပ် လုပ်ဆောင်ခဲ့ပေမယ့်လည်း ဂီယူဘက်က ဒီကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီး ချယ်လ်ဆီးအသင်းရဲ့ ကမ်းလှမ်းမှုကိုသာ လက်ခံသွားခဲ့တာ ဖြစ်တယ်လို့ ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။

အသက် (၁၈)နှစ်သာ ရှိနေသေးတဲ့ ဆယ်ကျော်သက်အရွယ် လာမာစီယာ အကယ်ဒမီထွက် စပိန် တိုက်စစ်ကစားသမားလေး ဂီယူဟာ ဒီနွေမှာပဲ ဘာစီလိုနာကနေ ချယ်လ်ဆီးအသင်းဆီကို သူရဲ့ စာချုပ်ဖျက်သိမ်းကြေး ယူရို (၆)သန်းတည်းနဲ့ ပြောင်းရွှေ့ ရောက်ရှိလာခဲ့ပါတယ်။

Photo Credit : We Ain’t Got No History

ချယ်လ်ဆီးအသင်းလို နေရာအစုံမှာ ကစားသမား အရေအတွက် ပေါများလွန်းနေတဲ့ အသင်းမှာ ဂီယူက နေရာတစ်နေရာ ရရှိဖို့ မလွယ်ကူနိုင်ပေမယ့်လည်း ဒီရာသီထဲမှာ ဂီယူက ချယ်လ်ဆီးအတွက် ပြိုင်ပွဲစုံ (၃)ပွဲ ကစားထားခဲ့ရပြီး အထူးသဖြင့် ကွန်းဖရန့်စ်လိဂ် ပွဲစဉ်တွေမှာ အသင်းအတွက် ပိုမို ကစားပေးရဖွယ် ရှိနေပါတယ်။

တကယ်တော့ ဂီယူလို ငယ်ရွယ်ပြီး အရည်အသွေးရှိတဲ့ လူငယ် ကစားသမားတစ်ဦးကို ဘာစီလိုနာဘက်ကနေ ယူရို (၆)သန်းတည်းနဲ့ လက်လွတ်ခဲ့ရတယ် ဆိုတာက အဓိပ္ပာယ် မရှိနိုင်ဘူးလို့ ဆိုနိုင်ပေမယ့်လည်း ဒီလို လက်မလွတ်ခင်မှာ အသင်းဘက်က အရေးကြီးတဲ့ ကမ်းလှမ်းမှု လုပ်ဆောင်ခဲ့သေးတယ်လို့ ဒေကိုက ဆိုလာပါတယ်။

Photo Credit : El Nacional

“ချယ်လ်ဆီးဘက်က သူရဲ့ စာချုပ်ဖျက်သိမ်းကြေးကို ပေးချေခဲ့ပြီး သူကလည်း အသင်းကနေ ထွက်ခွာသွားခဲ့ပါတယ်။ သူ့မှာက ယူရို (၆)သန်းတန် စာချုပ်ဟောင်းတစ်ခု ရှိနေတဲ့အချိန် ကျွန်တော်တို့ဘက်ကနေ သူ့ကို အရေးကြီးတဲ့ ပရောဂျက်တစ်ခုနဲ့ အရေးကြီးတဲ့ စာချုပ်တစ်ရပ်တို့နဲ့ ကမ်းလှမ်းခဲ့ပါသေးတယ်။ ဒါပေမယ့် သူကတော့ တခြားလမ်းကို သွားဖို့ပဲ ဆုံးဖြတ်ခဲ့တယ်။”

“ကစားသမားက ချယ်လ်ဆီးအသင်းကနေ ကမ်းလှမ်းလာတဲ့ ကမ်းလှမ်းမှုကိုပဲ ရွေးချယ်ခဲ့ပါတယ်။ ကျွန်တော်တို့ကတော့ သူ့ကို ဘာစီလိုနာရဲ့ အဓိက တိုက်စစ်မှူးတစ်ဦး ဖြစ်လာမယ့် ပရောဂျက်မျိုးနဲ့ ကမ်းလှမ်းခဲ့ပေမယ့် သူကတော့ ဒါကို လက်မခံခဲ့ပါဘူး။” လို့ ဒေကိုက ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။