ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ စိတ်ဝင်စားမှုကို ခံနေရတဲ့ စတုဂတ် တိုက်စစ်မှူး ဂွီရက်ဆီက လာမယ့် ဆောင်းဈေးကွက်မှာပဲ စတုဂတ်ကို စွန့်ခွာကာ ပရီးမီးယားလိဂ်ဆီ ပြောင်းရွှေ့လာချင်နေကြောင်း နာမည်ကြီး သတင်းထောက် တချို့ရဲ့ ဖော်ပြချက်တွေအရ သိရှိရပါတယ်။

အသက် ၂၇နှစ် အရွယ် ဂီနီရာလက်ရွေးစင် တိုက်စစ်မှူး ဂွီရက်ဆီက ပြီးခဲ့တဲ့ နွေဈေးကွက်မှာမှ ပြင်သစ်ကလပ် ရန်းနက်စ် ကနေ စတုဂတ်ဆီ ပြောင်းရွှေ့ကြေး ယူရို ၉သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက စတုဂတ်ဆီ ရောက်ရောက်ချင်းမှာပဲ မထင်မှတ်ထားလောက်အောင် ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့ပါတယ်။

Photo Credit: Goal

ဂွီရက်ဆီက ဒီရာသီမှာ စတုဂတ်အတွက် ပြိုင်ပွဲစုံမှာ ၁၁ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၆ဂိုး အထိ သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၂ကြိမ် ရရှိထားပါတယ်။

သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ လာမယ့် ဆောင်းဈေးကွက်မှာ တိုက်စစ်မှူးသစ် ၁ဦး ခေါ်ယူချင်နေတဲ့ မန်ချက်စတာ ယူနိုက်တက်က ဂွီရက်ဆီကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး မန်ချက်စတာ ယူနိုက်တက်က ဂွီရက်ဆီကို ခေါ်ယူနိုင်ဖို့ အတွက် စုံစမ်းမှုတွေလည်း လုပ်ထားပါတယ်။

Photo Credit: Team Talk

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဂျရေမီ ဘိုင်လီရဲ့ ဖော်ပြချက်အရ ဂွီရက်ဆီရဲ့ အေးဂျင့်တွေက သူတို့ရဲ့ ကစားသမားဟာ လာမယ့် ဆောင်းဈေးကွက်မှာ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြောင်းရွှေ့နိုင်လိမ့်မယ်လို့ ယုံကြည်နေကြသလို မကြာခင်မှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို သူတို့တွေ လက်ခံ ရရှိလိမ့်မယ်လို့ ထင်နေကြကြောင်းလည်း သိရှိရပါတယ်။

ဂွီရက်ဆီက မကြာသေးမီကမှ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကစားခွင့် ရဖို့ဟာ သူ့ရဲ့ အိမ်မက်ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားထားသူ ဖြစ်ပြီး ဂွီရက်ဆီရဲ့ စာချုပ်ဖျက်သိမ်းကြေးကလည်း ပေါင် ၁၇.၅သန်းသာ ရှိတာကြောင့် မန်ချက်စတာ ယူနိုက်တက် အပါအဝင် ပရီးမီးယားလိဂ်ရဲ့ ကလပ်အသင်း အများအပြားက ဂွီရက်ဆီကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။