ပရီးမီးယားလိဂ် နာမည်ကြီးကလပ်တွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ နယူးကာဆယ်တို့ရဲ့ ပစ်မှတ်ထားခြင်းကို ခံနေရတဲ့ စတုဂတ် တိုက်စစ်မှူး ဂွီရက်ဆီက ယမန်နေ့ မနက်အစောပိုင်းမှာ ကစားခဲ့တဲ့ စတုဂတ် ၂-၀ ဒေါ့မွန် ပွဲအပြီးမှာ စတုဂတ်ရဲ့ ပရိသတ်တွေကို နှုတ်ဆက်စကားဆန်တဲ့ စကားပြောဆိုမှုတွေ လုပ်ခဲ့ကြောင်း ဂျာမန်အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၂၇နှစ် အရွယ် ဂွီနီရာ တိုက်စစ်မှူး ဂွီရက်ဆီက ပြီးခဲ့တဲ့ နွေဈေးကွက်မှာမှ ပြင်သစ်ကလပ် ရန်းနက်စ်ကနေ စတုဂတ်ထံ ပြောင်းရွှေ့ကြေး ယူရို ၉သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး သူက စတုဂတ်ထံ ရောက်ရောက်ချင်းမှာပဲ အံ့မခန်း ခြေစွမ်းကောင်းတွေကို ထုတ်ပြထားနိုင်ပါတယ်။

Photo Credit: Football Transfer

ဂွီရက်ဆီက စတုဂတ် အတွက် ဒီရာသီမှာ ပြိုင်ပွဲစုံ ၁၃ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၈ဂိုး အထိ သွင်းယူထားနိုင်ပြီး ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်ထားနိုင်ကာ သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက် ၊ နယူးကာဆယ်နဲ့ အေစီမီလန်တို့က သူ့ကို လာမယ့် ဆောင်းဈေးကွက်မှာပဲ ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

ဂွီရက်ဆီက စတုဂတ်နဲ့ ၂၀၂၆ခုနှစ် အထိ သက်တမ်း ရှိတဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုထားပေမယ့် သူ့ရဲ့ စာချုပ်ဖျက်သိမ်းကြေးက ယူရို ၁၇.၅သန်းသာ ရှိနေတာကြောင့် မန်ချက်စတာ ယူနိုက်တက် ၊ နယူးကာဆယ်နဲ့ အေစီမီလန်တို့က လာမယ့် ဆောင်းဈေးကွက်မှာ စာချုပ်ဖျက်သိမ်းကြေး ပေးကာ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြသလို ဂွီရက်ဆီကလည်း အသင်းပြောင်းဖို့ စဉ်းစားနေပါတယ်။

Photo Credit: Team Talk

နာမည်ကြီး ဂျာမန်သတင်းဌာန တခု ဖြစ်တဲ့ Bildရဲ့ ဖော်ပြချက်အရ ဂွီရက်ဆီက စတုဂတ် ၂-၀ ဒေါ့မွန် ပွဲအပြီးမှာ စတုဂတ်ရဲ့ ပရိသတ်တွေကို စကားပြောခဲ့ပြီး ဂွီရက်ဆီဟာ – “ပရိသတ်တွေရဲ့ အားပေးမှုကတော့ အရင်လို အံ့အားသင့်စရာ ကောင်းနေတုန်းပါပဲ။ အရာအားလုံး အတွက် ကျေးဇူးတင်ပါတယ်” လို့ ပြောခဲ့တာကြောင့် ဂွီရက်ဆီဟာ အသင်းပြောင်းဖို့ ဆုံးဖြတ်ပြီးပြီလို့ ယူဆရနိုင်ကြောင်း သိရပါတယ်။

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်နဲ့ အေစီမီလန်တို့ရဲ့ တာဝန်ရှိသူတွေက ဂွီရက်ဆီရဲ့ အေးဂျင့်တွေနဲ့ ချိတ်ဆက်ကာ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူဖို့ အပြိုင် ကြိုးစားနေကြပြီး ဂွီရက်ဆီကတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သွားကစားချင်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ဖူးပါတယ်။