ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ နည်းပြဖြစ်သူ ပပ် ဂွာဒီယိုလာကတော့ သူတို့အသင်းအနေနဲ့ ယခုနှစ် ဘောလုံးရာသီမှာ ချန်ပီယံလိဂ် ဆုဖလားကို ကိုင်မြှောက်ချင်ရင် အသင်းရဲ့ အဓိက တိုက်စစ်မှူး ဟာလန်းကိုပဲ မှီခိုနေလို့ မရကြောင်း အသင်းသားတွေကို သတိပေးစကား ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ် နော်ဝေ လက်ရွေးစင် ကြယ်ပွင့် တိုက်စစ်မှူး အာလင်း ဟာလန်းက ယခု နွေဈေးကွက် အတွင်းမှာမှ ဒေါ့မွန်ကနေ မန်ချက်စတာ စီးတီးထံ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက မန်ချက်စတာ စီးတီးဆီ ယခုနှစ် ရာသီမှသာ ရောက်ရှိလာပေမယ့် အသင်းနဲ့ ချက်ချင်းဆိုသလို အထိုင်ကျခဲ့သလို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၆ပွဲ ပါဝင် ကစားထားရာ သွင်းဂိုး ၁၀ဂိုး အထိ သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Goal

ဒါကြောင့်ပဲ ဘောလုံးရေးရာ ဝေဖန်သုံးသပ်သူတွေနဲ့ မန်ချက်စတာ စီးတီးရဲ့ ပရိသတ်တွေက အာလင်း ဟာလန်းဟာ ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ စီးတီးကို ချန်ပီယံလိဂ် ဆုဖလား ရအောင် အဓိက ကူညီပေးမယ့်သူ အဖြစ် ရှုမြင်နေကြပါတယ်။

ဒါပေမယ့် မန်ချက်စတာ စီးတီးရဲ့ နည်းပြဖြစ်သူ ပပ် ဂွာဒီယိုလာကတော့ အဆိုပါ သုံးသပ်ချက်တွေကို သဘောမကျပဲ သူတို့အသင်းအနေနဲ့ ဟာလန်းကိုပဲ မှီခိုနေမယ် ဆိုရင် ချန်ပီယံလိဂ် ဆုဖလားကို ကိုင်မြှောက်နိုင်မှာ မဟုတ်ကြောင်းနဲ့ ချန်ပီယံလိဂ် ရချင်ရင် တသင်းလုံးရဲ့ ခြေစွမ်းကောင်းတွေကို လိုအပ်ကြောင်း ဆီဗီးလားနဲ့ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲ မတိုင်မီ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားသွားပါတယ်။

Photo Credit: Goal

ဂွာဒီယိုလာက – “အသင်းမှာ ရှိတဲ့ ကစားသမားတိုင်းက ကျွန်တော်တို့အသင်း တိုးတက်အောင် ကြိုးစားနေကြတဲ့ လူတွေချည်းပါပဲ။ တကယ်လို့ ကျွန်တော်တို့ကသာ အရာအားလုံးကို ဟာလန်းရဲ့ ပုခုံးပေါ် တင်ပေးလိုက်မယ် ဆိုရင် ကျွန်တော်တို့တွေ ချန်ပီယံလိဂ် ဆုဖလားကို ရယူနိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့က အားလုံးရဲ့ စွမ်းဆောင်ရည်တွေကို လိုအပ်ပါတယ်။ ကျွန်တော်တို့အသင်းက ဟာလန်း တယောက် သွင်းဂိုးတွေ ရအောင် အခွင့်အရေးတွေ ဖန်တီးပေးဖို့ ကြိုးစားသွားပါမယ်။ ကျွန်တော်တို့မှာ တိုက်စစ်မှူး များများစားစား မရှိခဲ့တာကြောင့် ဟာလန်းကို အသင်းဆီ ပြောင်းလာအောင် စည်းရုံးမှုတွေ လုပ်ခဲ့ရပါတယ်။ ဟာလန်းကလည်း ကျွန်တော်တို့ရဲ့ ကစားကွက်ထဲမှာ အံဝင်အောင် ကစားဖို့ ကြိုးစားခဲ့ပါတယ်။ ဒါကြောင့်ပဲ သူက ဂျူလီယန်တို့လိုပဲ (အယ်ဗာရက်ဇ်) အသင်းနဲ့ ခပ်မြန်မြန်ပဲ အသားကျသွားခဲ့တာပေါ့။ လူတိုင်းက အာလင်းရဲ့ အကြောင်းကိုပဲ ပြောနေကြတာကို ကျွန်တော့်ဘက်က နားလည်ပေးနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော့်မှာ ကစားသမားသစ် ၃ ၊ ၄ ၊ ၅ယောက်လောက် ရှိနေတာပါ။ ဒါကြောင့် ကျွန်တော့်အတွက် သူတို့အားလုံး အသင်းနဲ့ အမြန် အသားကျဖို့ဟာ အရေးကြီးပါတယ်။ ကျွန်တော်တို့က ဟာလန်း ရှိနေလို့ ပွဲတွေ နိုင်မှာ မဟုတ်သလို ဟာလန်းကြောင့် ပွဲတွေ ရှုံးမှာ မဟုတ်ပါဘူး။ ဟာလန်းမှာ ထူးခြားတဲ့ အရည်အသွေးတွေ ရှိတာကြောင့် သူက ပြဿနာ တချို့ကို ဖြေရှင်းပေးနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့က ကောင်းကောင်း မကစားနိုင်ရင် ပွဲတွေကို အနိုင်ယူနိုင်မှာ မဟုတ်ပါဘူး” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။