မန်ချက်စတာ စီးတီးအသင်းဟာ ပရီးမီးယားလိဂ်မှာ ကျန်ရှိနေတဲ့ ချန်ပီယံလိဂ်ဝင်ခွင့် (၃)နေရာအတွက် အခြားအသင်း(၅)သင်းနဲ့ ပြင်းထန်စွာ ယှဉ်ပြိုင်နေရပြီး အင်္ဂါနေ့ညမှာ ဘုန်းမောက်အသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပါတယ်။ ပက် ဂွါဒီယိုလာက အက်ဖ်အေဖလား ဗိုလ်လုပွဲ ရှုံးနိမ့်ခဲ့ပြီးနောက် အင်္ဂါနေ့မှာကစားမယ့် ဘုန်းမောက်နဲ့ပွဲစဉ်ဟာ အလွန်အရေးကြီးကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။

ခရစ္စတယ် ပဲလေ့စ်ကို ဝင်ဘလေမှာ ရှုံးနိမ့်ခဲ့တဲ့ နာကျင်မှုကနေ စီးတီးအသင်းအနေနဲ့ အမြန်ဆုံး ပြန်လည်နာလန်ထူဖို့ လိုအပ်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်ကလည်း စောင့်ကြိုနေပါတယ်။ ဂွါဒီယိုလာရဲ့အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိနိုင်မယ့် အဆင့်(၅)နေရာအတွင်းဝင်ဖို့ ပြိုင်ပွဲမှာ လက်ရှိအဆင့်(၆)နေရာမှာ ရပ်တည်နေပြီး နောက်ဆုံး လက်ကျန်လိဂ်(၂)ပွဲလုံးကို အနိုင်ရရှိပါက ချန်ပီယံလိဂ်ဝင်ခွင့်ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

Photo Credit : Daily Sabah

ဘုန်းမောက်နဲ့ပွဲအပြီးမှာ စီးတီးအသင်းဟာ ရာသီနောက်ဆုံးနေ့မှာ ဖူလ်ဟမ်အသင်းနဲ့ သွားရောက်ကစားရမှာဖြစ်ပြီး ဂွါဒီယိုလာက သူနဲ့သူ့ကစားသမားတွေ ရင်ဆိုင်နေရတဲ့ အခြေအနေရဲ့ အရေးပါမှုကို အသိအမှတ်ပြုပြောကြားခဲ့ပါတယ်။ ဂွါဒီယိုလာက “ဒါက အလွန်အရေးကြီးပါတယ်။ သိသာပါတယ်။ အာဆင်နယ် ချဲလ်ဆီး နော်တင်ဟမ် ဖောရက်စ် နယူးကာဆယ် ဒါမှမဟုတ် အက်စတွန် ဗီလာတို့ကိုသာ မေးကြည့်လိုက်ပါ။ ဟုတ်ပါတယ် ဒါက အရေးကြီးတယ်။ အလွန်အရေးကြီးပါတယ်။”

“ဒါပေမဲ့ အခုချိန်က ကစားသမားတွေနဲ့စကားပြောပြီး သူတို့စိတ်ထဲဝင်ဖို့အချိန်မဟုတ်သေးပါဘူး။ နာလန်ထူမှု ပြီးရင် ပွဲစဉ် အဲ့ဒီနောက်မှာမှ ကစားသမားတွေ ဘယ်လိုနာလန်ထူလာသလဲဆိုတာကြည့်ပြီး ရှေ့ဆက်လုပ်ဆောင်သွားမှာပါ။”

Photo Credit : Halstead Gazette

“အခု ကျွန်တော်တို့ အမြန်ဆုံးနာလန်ထူဖို့လိုပါတယ်။ ကျွန်တော်တို့က အသင်းကြီးတစ်သင်းပါ။ စိတ်ပျက်မိပေမယ့် အခု ဘုန်းမောက်နဲ့အရေးကြီးတဲ့ပွဲအတွက် နာလန်ထူဖို့ အချိန်သိပ်မရှိပါဘူး။ ဟုတ်ပါတယ် အက်ဖ်အေဖလားကို အနိုင်ရပြီးနောက် ဘုန်းမောက်နဲ့ကစားရတာက ပိုကောင်းတာပေါ့။ အနိုင်ရခြင်းက နောက်ထပ်အနိုင်ရမှုတွေကို အထောက်အကူပြုပေမယ့် အခု ကျွန်တော်တို့လူတွေနဲ့အတူ ကျွန်တော်တို့ ဘယ်လောက် သန်မာလဲဆိုတာကို သက်သေပြရပါမယ်။” လို့ ပြောကြားခဲ့ပါတယ်။

လာမယ့်နွေရာသီမှာ အသင်းကို ဖလားစိန်ခေါ်နိုင်မယ့် အသင်းတစ်သင်းအဖြစ် ပြန်လည် တည်ဆောက်ဖို့အတွက် အရေးပါမှုနဲ့ပတ်သက်ပြီး မေးမြန်းရာမှာတော့ ဂွါဒီယိုလာက “ကျွန်တော်အမြဲပြောခဲ့သလိုပဲ (၉)နှစ်ကြာပြီးနောက်မှာ ခင်ဗျားတို့ ပြန်လည် တည်ဆောက်ပြီးသားဖြစ်နေပါပြီ။ ကျွန်တော်တို့ ရောက်လာစဉ်က ကစားသမားတွေ အသင်းတွေနဲ့လည်း မတူတော့ပါဘူး။ ကလပ်အသင်းမှာ အကြံဉာဏ်တွေ ရှိလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အမြင်အရတော့ အခု ကျွန်တော်တို့မှာ ဒီကလပ်အသင်းရဲ့အနာဂတ်အတွက် အလွန်အရေးကြီးတဲ့ ပွဲစဉ်(၂)ပွဲရှိနေပါတယ်။ အဲ့ဒီနောက်မှာ ကျွန်တော်တို့ ခဏအနားယူမယ်။ ကလပ်ကမ္ဘာ့ဖလားက အဲ့ဒီလုပ်ငန်းစဉ်ထဲမှာရှိနေပြီး ကျွန်တော်တို့ချမှတ်ရမယ့် ဆုံးဖြတ်ချက်တွေကို ချမှတ်သွားမှာပါ။” လို့ ပြောကြားခဲ့ပါတယ်။