ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ဖြစ်သူ ပပ် ဂွာဒီယိုလာက ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီ ကနေ ထွက်ခွာတော့မယ့် သူ့ရဲ့ တပည့်ဟောင်း မက်ဆီကို ဘာစီလိုနာမှာသာ ပြန်လည် မြင်တွေ့ချင်ကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အသက် ၃၅နှစ် အရွယ် အာဂျင်တီးနား အသင်းခေါင်းဆောင် တိုက်စစ်မှူး လီယွန်နယ် မက်ဆီက ၂၀၂၁ခုနှစ်မှာ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတာကြောင့် ပီအက်စ်ဂျီဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး ပီအက်စ်ဂျီနဲ့ သူ့ရဲ့ ကြားမှာ ရှိနေတဲ့ စာချုပ်ဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးမှာပဲ ဖြစ်ပါတယ်။

Photo Credit: Football Transfer

ပီအက်စ်ဂျီနဲ့ မက်ဆီတို့ နှစ်ဦးနှစ်ဖက်စလုံးက စာချုပ်သစ် မချုပ်တော့ဖို့ အတွက် ဆုံးဖြတ်ထားတာကြောင့် မက်ဆီဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အသင်းလက်မဲ့ ကစားသမား အဖြစ် သူ နှစ်သက်တဲ့ အသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့နိုင်မှာပါ။

လက်ရှိမှာတော့ မက်ဆီရဲ့ အသင်းဟောင်း ဘာစီလိုနာနဲ့ ဆော်ဒီထိပ်သီးကလပ် အယ် ဟီလယ်တို့က မက်ဆီကို ခေါ်ယူဖို့ ကြိုးစားနေကြပြီး မက်ဆီက ဘာစီလိုနာဆီ ပြန်လည် ပြောင်းရွှေ့ဖို့ စိတ်ကူးရှိနေပေမယ့် ဘာစီလိုနာဟာ ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတာကြောင့် မက်ဆီကို အသင်းဆီ ပြန်လည် ခေါ်ယူဖို့ အတွက် အခက်အခဲတွေ ရှိနေပါတယ်။

Photo Credit: The Times

ဘာစီလိုနာရဲ့ နည်းပြဟောင်း တဦး ဖြစ်သလို မက်ဆီရဲ့ ဆရာအရင်းလည်း ဖြစ်တဲ့ ဂွာဒီယိုလာကတော့ သူဟာ မက်ဆီကို ဘာစီလိုနာမှာသာ ပြန်လည် မြင်တွေ့ချင်ကြောင်းနဲ့ မက်ဆီကလည်း ဘာစီလိုနာဆီ ပြန်နိုင်ဖို့ ကြိုးစားလိမ့်မယ်လို့ ယုံကြည်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

ဂွာဒီယိုလာက – “ကျွန်တော်ကတော့ မက်ဆီဟာ ဘာစီလိုနာဆီ ပြန်နိုင်ဖို့ အတွက် အစွမ်းကုန် ကြိုးစားလိမ့်မယ်လို့ ယုံကြည်ထားပါတယ်။ ပြီးတော့ လာပေါ်တာကလည်း မက်ဆီကို ပြန်ခေါ်နိုင်ဖို့ အစွမ်းကုန် ကြိုးစားလိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော်က မက်ဆီဟာ ဘာစီလိုနာမှာ သူနဲ့ ထိုက်တန်တဲ့ နှုတ်ဆက်မှုမျိုး ရဖို့ မျှော်လင့်ထားပါတယ်။ တကယ်လို့ မက်ဆီသာ ဘာစီလိုနာဆီ ပြန်ရောက်ပြီး နှုတ်ဆက်ပွဲ လုပ်ခဲ့မယ် ဆိုရင် ကျွန်တော်က နူးကမ့်ကွင်းထဲ ထိုင်ခုံ တနေရာစာ ဝယ်ပြီး သူ့ကို အားပေးဖို့ အဆင်သင့်ပါပဲ” ဆိုပြီး ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။