ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ဖြစ်သူ ဂွာဒီယိုလာက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ စပါးနဲ့ ပရီးမီးယားလိဂ် ပွဲကျန်မှာ ၂ဂိုးပြတ် ရှုံးနိမ့်နေရာ ကနေ ဒုတိယပိုင်းမှာ ၄ဂိုး အထိ သွင်းကာ ပြန်အနိုင်ယူနိုင်ခဲ့ပေမယ့် အသင်းရဲ့ ကစားပုံ ၊ စိတ်ဓာတ်ပိုင်းနဲ့ ပတ်သတ်ပြီး အားမရသေးကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။
နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ မြို့ခံပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ကို အရှုံးပေးထားရတာကြောင့် ဂွာဒီယိုလာ ဦးဆောင်နေတဲ့ မန်ချက်စတာ စီးတီးက ချန်ပီယံဘွဲ့ကို ကာကွယ်ချင်ရင် လက်ကျန်ပွဲတွေမှာ အမှားတွေ လုံးဝ လုပ်လို့ မရတော့ပဲ စပါးနဲ့ပွဲမှာလည်း ဂွာဒီယိုလာက အနိုင်ရလဒ် တခုထဲ အတွက်သာ ဦးတည် ကစားစေခဲ့ပါတယ်။

မန်ချက်စတာ စီးတီးနဲ့ စပါးတို့ ပွဲစဉ်မှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့ကြပြီး မန်ချက်စတာ စီးတီးဘက်မှာ ဒဏ်ရာကြောင့် ယူနိုက်တက်နဲ့ပွဲကို လွဲခဲ့တဲ့ ဂျွန်စတုန်း ပြန်လည် ပါဝင်လာသလို စပါးဘက်မှာလည်း ဒဏ်ရာကနေ ပြန်လည် သက်သာလာတဲ့ ဘန်တန်ကာ ပါဝင်လာပါတယ်။

Photo Credit: Football 365

နှစ်သင်းစလုံးက ရလဒ်ဆိုးတွေ ကနေ ရုန်းထွက်နိုင်ဖို့ လိုအပ်နေတာကြောင့် ပွဲဟာ အတော်လေးကို အကြိတ်အနယ် ရှိခဲ့ပြီး မန်ချက်စတာ စီးတီးက ပွဲကို စိုးမိုးထားနိုင်တယ် ဆိုပေမယ့် ပထမပိုင်း ပြီးဆုံးခါနီးမှာ ကစားသမားတွေရဲ့ အာရုံစူးစိုက်မှု လျော့နည်းတာ ကနေ စပါးဘက်ကို ဦးဆောင်ဂိုး ၂ဂိုး ခွင့်ပြုပေးခဲ့ရပါတယ်။

ပထမပိုင်းအပြီးမှာ စပါးကို ၂ဂိုးပြတ် ရှုံးနိမ့်နေတာကြောင့် မန်ချက်စတာ စီးတီးဟာ အနိုင်ရဖို့ မဖြစ်နိုင်တော့ဘူးလို့ ထင်မှတ်ခဲ့ကြပေမယ့် ဒုတိယပိုင်းမှာ မန်ချက်စတာ စီးတီးက အကောင်းဆုံး ခြေစွမ်းတွေနဲ့ ပြန်လာနိုင်ခဲ့ပြီး ၅၁မိနစ်နဲ့ ၆၃မိနစ် အတွင်းမှာတင် သွင်းဂိုး ၃ဂိုး အထိ သွင်းယူကာ ပွဲကို ပြန်လည် ဦးဆောင်နိုင်ခဲ့သလို ပွဲချိန် ၉၀မိနစ်မှာ မာရက်ဇ်ရဲ့ ပွဲသိမ်း အနိုင်ဂိုးကိုပါ ထပ်ရခဲ့တာကြောင့် ၄-၂ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်နိုင်ခဲ့ပါတယ်။

Photo Credit: Football 365

စပါးလို အသင်းကြီး တသင်းကို ၂ဂိုးပြတ် ရှုံးနိမ့်နေရာ ကနေ ပြန်အနိုင်ရခဲ့တာဟာ မန်ချက်စတာ စီးတီး အတွက် ဂုဏ်ယူစရာ ကောင်းပေမယ့် မန်ချက်စတာ စီးတီးနည်းပြ ဂွာဒီယိုလာကတော့ ကစားသမားတွေရဲ့ အနိုင်လိုချင်စိတ် နည်းပါးမှုကို အားမရပဲ သူတို့အသင်းဟာ ဒီခြေစွမ်းနဲ့ ကစားနေရင် ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်မှာ မဟုတ်ဘူးလို့ ဆိုလာပါတယ်။

ဂွာဒီယိုလာက – “ကျွန်တော်က ဒီနေ့နိုင်ပွဲ အတွက် ပျော်နေတယ် ဆိုတာကို မငြင်းချင်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့က ကိုယ့်ရဲ့ အဆင့်အတန်းမျိုးနဲ့ ကိုက်ညီတဲ့ ခြေစွမ်းမျိုးကို မပြနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ရဲ့ ကစားပုံက အရင်လောက် အားရစရာ မကောင်းတော့ပါဘူး။ ပြီးတော့ အသင်းရဲ့ ပြိုင်ဆိုင်လိုစိတ်ကလည်း အတော်လေး အားလျော့နေပါတယ်။ ရီကို လီဝစ်က ပြိုင်ဘက် ကစားသမားတွေရဲ့ ဖျက်ထုတ်မှုကို ၄ကြိမ် အထိ ခံခဲ့ရပါတယ်။ ဒါပေမယ့် ပြိုင်ဘက် ကစားသမားတွေက တယောက်မှ အဝါကတ် မထိခဲ့ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ပြစ်ဒဏ်ကျူးလွန်ခံရတဲ့ ကစားသမားက ရီကိုလို လူငယ် ကစားသမား တယောက် ဖြစ်နေသလို သူ့ရဲ့ အသင်းဖော်တွေကလည်း သူ့ကို မကာကွယ်ပေးတာကြောင့်ပါ။ ကျွန်တော့်ရဲ့ ကစားသမားတွေက ကျွန်တော် ခိုင်းလို ကစားနေတဲ့ ပုံစံမျိုး ဖြစ်နေပါတယ်။ သူတို့မှာ ဒီပွဲအတွက် ဆာလောင်စိတ်တွေ မရှိခဲ့ပါဘူး” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။