မန်ချက်စတာစီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ပက်ဂွာဒီယိုလာက ဒီနှစ်ရာသီမှာ သူတို့အသင်းရဲ့ အဓိကပြိုင်ဘက်ဖြစ်နေတဲ့ အာဆင်နယ်အသင်းဟာ အခု ပုံစံကောင်းအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ရမှတ်(၁၀၀)နဲ့အထက်တောင် ရရှိသွားနိုင်တယ်လို့ သုံးသပ် ပြောကြားလိုက်ပါတယ်။

Photo Credit : talkSPORT

အာဆင်နယ်အသင်းဟာ ဒီနှစ်ဘောလုံးရာသီအတွင်း ပရီးမီးယားလိဂ်ပွဲပေါင်း (၁၇)ပွဲ ယှဉ်ပြိုင်ထားခဲ့ရာ မန်ချက်စတာယူနိုက်တက် တစ်သင်းတည်းကိုသာ ရှုံးနိမ့်ထားခဲ့ပြီး ဆောက်သမ်တန်နဲ့ နယူးကာဆယ်တို့ကို သရေကျထားခဲ့ရာ ကျန်တဲ့ (၁၄)ပွဲကို အနိုင်ရထားခဲ့ပါတယ်။ အမှတ်ပေးဇယားရဲ့ အဆင့်(၁)နေရာမှာ ရပ်တည်နေတဲ့ အာဆင်နယ်ဟာ ပြီးခဲ့တဲ့နှစ် ချန်ပီယံ မန်စီးတီးအသင်းထက် တစ်ပွဲအသာ ကစားထားပြီး (၈)မှတ်အထိကို အသာရထားခဲ့ပါတယ်။ အာဆင်နယ်ဟာ မနေ့ညက နယူးကာဆယ်နဲ့ ပွဲစဉ်အတွင်း ဂိုးမရှိသရေကျခဲ့လို့ အမှတ် ဆုံးရှုံးခဲ့ရပေမယ့် ကွင်းလယ်ဒိုင်ရဲ့ လက်ထိဘောကို ပင်နယ်တီ မသတ်မှတ်ပေးမှုကြောင့် အာဆင်နယ်တို့ ကံဆိုးခဲ့ရတာ ဖြစ်သလို မန်စီးတီးကလည်း ချယ်လ်ဆီးနဲ့ ပွဲကျပ် ရင်ဆိုင်ရဦးမှာမို့ အမှတ်ပြည့်ရဖို့က ခက်ခဲနိုင်ဖွယ် ရှိနေပါတယ်။

Photo Credit : Goal

ဒီအချိန်မှာ မန်စီးတီးနည်းပြ ဂွာဒီယိုလာက သူရဲ့ အနီးဆုံးပြိုင်ဘက် အာဆင်နယ်အသင်းနဲ့ ပတ်သတ်ပြီး “သူတို့ ဒီပုံစံအတိုင်းသာ ဆက်သွားနေမယ်ဆိုရင်တော့ သူတို့တွေ အမှတ်(၁၀၀) ဒါမှမဟုတ် (၁၀၀)ပါ ကျော်သွားတဲ့အထိ ဖြစ်လာနိုင်မယ်။ ကျွန်တော်တို့လည်း သူတို့ကို လိုက်မှီနိုင်မှာ မဟုတ်ဘူး” လို့ မှတ်ချက်ပြု ပြောဆိုလိုက်ပါတယ်။ ဂွာဒီယိုလာရဲ့တပည့်ဟောင်း မန်စီးတီး လက်ထောက်နည်းပြဟောင်း အာတီတာ ကိုင်တွယ်နေတဲ့ အာဆင်နယ်အသင်းဟာ ဒီရာသီမှာ (၁၇)ပွဲကစားအပြီး (၄၄)မှတ်အထိ ရယူထားနိုင်ခဲ့သလို Emirate မှာ ကစားတဲ့ အိမ်ကွင်းပွဲတိုင်းမှာလည်း လုံးဝ ရှုံးပွဲမရှိအောင် ကစားထားနိုင်ပြီး တစ်ပွဲတည်းသော သရေပွဲတောင် ပြီးခဲ့တဲ့ နယူးကာဆယ်နဲ့ပွဲမှသာ သရေကျခဲ့ရတာ ဖြစ်ပါတယ်။ တိုက်စစ်ကလည်း မန်စီးတီးပြီးရင် ဒုတိယအကောင်းဆုံးအသင်း ခံစစ်ကလည်း နယူးကာဆယ်ပြီးရင် ဒုတိယအကောင်းဆုံးအသင်းအဖြစ် ရပ်တည်ထားနိုင်သလို အသင်းမှာ အဓိက ကစားသမား ဂျေဇူး ဒဏ်ရာရရှိနေပေမယ့် မာတင်နယ်လီ ဆာကာတို့အပြင် အန်ခီးတီယာကပါ ဂိုးတွေ သွင်းယူလို့နေပါတယ်။ ဒါပေမယ့် အာဆင်နယ်ဟာ ရှေ့လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ စပါး ယူနိုက်တက် အဲဗာတန် ဘရန့်ဖို့ဒ် မန်စီးတီးတို့လို အသင်းတွေနဲ့ ဆက်တိုက် ရင်ဆိုင်သွားရမှာမို့ အဲ့ဒီပွဲတွေမှာ ရမှတ်တွေ ဘယ်လောက်ထိ ရှာဖွေနိုင်မလဲဆိုတာ စိတ်ဝင်တစားနဲ့ စောင့်ကြည့်သွားရပါမယ်။