မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ပက်ပ် ဂွာဒီယိုလာက သူရဲ့တပည့်ဟောင်းလည်းဖြစ် လက်ရှိ အာဆင်နယ်အသင်းရဲ့ နည်းပြလည်းဖြစ်တဲ့ မီခယ်လ် အာတီတာနဲ့ ပတ်သက်ပြီး အာတီတာရဲ့ အရည်အချင်းတစ်ခုတွေ အကြောင်းကို ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။
ဂွာဒီယိုလာ နဲ့ အာတီတာတို့ဟာ မန်စီးတီးအသင်းမှာ ဆရာတပည့်တွေအဖြစ် လက်တွဲခဲ့ရင်း အောင်မြင်မှုတွေ များစွာ ရယူနိုင်ခဲ့ကြပေမယ့် အာတီတာက ဂွာဒီယိုလာရဲ့ လက်ထောက်အဖြစ်ကနေ ထွက်ခွာခဲ့ပြီး အာဆင်နယ် နည်းပြရာထူးနဲ့ နည်းပြလောကထဲကို အသေအချာ ဝင်ရောက်လာခဲ့ပါတယ်။
Photo Credit : Marca
ဒီဆရာတပည့်နှစ်ဦးက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အဓိက ယှဉ်ပြိုင်သူတွေ ဖြစ်ခဲ့ရပြီး အားပြိုင်မှုတွေကလည်း အလွန် စိတ်ဝင်စားဖို့ကောင်းခဲ့ရသလို ဒီရာသီမှာလည်း ဂွာဒီယိုလာ နဲ့ အာတီတာတို့ရဲ့ ယှဉ်ပြိုင်မှုက စိတ်ဝင်စားစရာ အနေအထားမှာ ရှိနေခဲ့ပြန်ပါတယ်။
ဒီနေ့ညမှာလည်း ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်း နဲ့ အာတီတာရဲ့ အာဆင်နယ်အသင်းတို့ဟာ ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ရင်ဆိုင်ကြရတော့မှာဖြစ်ပြီး ဂွာဒီယိုလာကလည်း သူ့တပည့်ကျော် အာတီတာရဲ့ အရည်အသွေးတွေအကြောင်းကို ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။
Photo Credit : Fabrizio Romano
“အာတီတာက အသင်းရဲ့ ဘုတ်အဖွဲ့ကို အရမ်း တောင်းဆိုတက်တဲ့သူပါ။ သူက ဘယ်လိုမျိုးလဲဆိုတော့ ငါ့ကို ပိုက်ဆံပေး ၊ အသင်းအတွက် သုံးစွဲဖို့ ပိုက်ဆံပေးလို့ တောင်းဆိုနိုင်ရဲတဲ့သူ။ သူ့မှာ ဒီအရည်အချင်းတွေလည်း ရှိနေတယ်။”
“တစ်ခါတစ်လေကျရင် ကလပ်ဘက်က ဘာပဲဆုံးဖြတ်ပါစေ သူက ကလပ်အသင်းက လူတိုင်းကို တွန်းအားပေးနေတက်ပါသေးတယ်။” လို့ ဂွာဒီယိုလာက ပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာတော့ အာတီတာရဲ့ အာဆင်နယ်အသင်းက မြို့ခံ စပါးအသင်းနဲ့အတူ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ ရှုံးပွဲမရှိသေးတဲ့ အသင်းတွေအဖြစ် ရပ်တည်လျက် ရှိနေပါတယ်။