မန်ချက်စတာ စီးတီးအသင်း နည်းပြ ပပ် ဂွါဒီယိုလာက အသင်းရဲ့ ကစားသမားသစ်ဖြစ်သူ ဥဇဘက်ကစ္စတန် နောက်ခံကစားသမားလေး ခူဆာနော့ဗ်နဲ့ စကားပြောဆိုရာမှာ အဆင်ပြေနိုင်ဖို့အတွက် ရုရှားဘာသာစကား ဒါမှမဟုတ် ဥဇဘက်ဘာသာစကားတို့ကို သင်သွားရတော့မယ်လို့ ပြောဆိုလိုက်ပါတယ်။

မန်စီးတီးက ဒီဆောင်းဈေးကွက်မှာ အသင်းအတွက် ကစားသမားသစ် (၃)ဦးကို ခေါ်ယူခဲ့ပြီးတော့ မနေ့ညက ချယ်လ်ဆီးနဲ့ ပွဲစဉ်မှာပဲ ကစားသမားသစ်တွေထဲက တိုက်စစ်ကစားသမား အိုမာ မာမွတ်ရှ်နဲ့ နောက်ခံကစားသမားလေး အဒူကိုဒါ ခူဆာနော့ဗ်တို့ကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုခဲ့ပြီး ဗစ်တာ ရီးစ်ကိုတော့ အရန်စာရင်းမှာ ထည့်သွင်းခဲ့ပါတယ်။

Photo Credit : talkSPORT

ဒီပွဲမှာ မာမွတ်ရှ်က စီးတီးတိုက်စစ်မှာ အလျင်အမြန် အထိုင်ကျခဲ့ပြီး ပုံစံကောင်း ပြသနိုင်ခဲ့ပေမယ့် လန်းစ်ကနေ စီးတီးဆီ ရောက်လာခဲ့တဲ့ ခူဆာနော့ဗ်ကတော့ သူရဲ့ အမှားကနေ ချယ်လ်ဆီးဘက်ကို စောစောစီးစီး ဦးဆောင်ခွင့် ပြုခဲ့ရသလို ချက်ချင်းဆိုသလို ကိုး ပါလ်မာကို ဖျက်ထုတ်မှုမှာလည်း အဝါကတ်ပြသခံခဲ့ရပါသေးတယ်။

ဒါ့အပြင် ဒုတိယပိုင်း ပြန်လည်စတင်ပြီး (၅)မိနစ်အကြာမှာပဲ ခူဆာနော့ဗ်က ဂျွန်စတုန်းစ်နဲ့ လူစားလဲခံခဲ့ရပြီး ခူဆာနော့ဗ်ရဲ့ စီးတီးကစားသမားဘဝ ပွဲဦးထွက်က စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ခူဆာနော့ဗ်နဲ့ ပတ်သက်ပြီး “သူ့အတွက်တော့ မလွယ်ကူခဲ့ပါဘူး။ သူက အသင်းနဲ့ တစ်ကြိမ်တည်းပဲ လေ့ကျင့်ထားရသေးပြီးတော့ ဂျက်ဆင် ပါလ်မာ ဆန်ချို မာဒူအက်ခေးတို့နဲ့ ယှဉ်ကစားခဲ့ရတာ။”

Photo Credit : Goal

“ဒီလို လူငယ်ကစားသမားတစ်ဦးကို ဝယ်ယူလိုက်ခြင်းက ဒါဖြစ်စဉ်ပါပဲ။ သူလည်း ဒီဖြစ်ရပ်ကနေ သင်ခန်းစာ ယူနိုင်လိမ့််မယ်။ ဒီလို ဖြစ်ရပ်မျိုးတွေကနေ အကောင်းဆုံး သင်ခန်းစာ ရယူနိုင်မှာပါ။ နောက်ပြီး သူက အင်္ဂလိပ်လို မပြောတက်တော့ ကျွန်တော်လည်း သူနဲ့ စကားမပြောဖြစ်လိုက်ဘူး။ သူနဲ့ ပြောဆိုဆက်သွယ်နိုင်ဖို့ ကျွန်တော်က ရုရှား ဒါမှမဟုတ်ရင် ဥဇဘက်စကားကို သင်ရတော့မယ်။”

“သူ အဆင်ပြေပြေလေး ရှိပါလိမ့်မယ်။ သူက training sessions နည်းနည်းလေးသာ ရှိထားခဲ့သေးတာပါ။ နောက်ပြီး ဒဏ်ရာကနေ သက်သာခါစ စတုန်းစ်ကိုလည်း ဖိအားမပေးချင်တာကြောင့် သူ့ကို အသုံးပြုခဲ့တာ။ ကစားသမားအားလုံးက အတူတကွ ရှိနေပါတယ်။ ဒါကပဲ အသင်းအတွက် အလွန်အရေးကြီးတာ။ ဘယ်ကစားသမားမဆို အမှားလုပ်တက်တာပဲ။ ပရိသတ်တွေကလည်း ကစားသမားသစ်တွေဆို အမြဲ အားပေး ကြိုဆိုကြတယ်။ သူကလည်း ငယ်သေးတော့ သင်ယူစရာတွေလည်း ရှိနေဦးမှာ။” လို့ ပြောဆိုလိုက်ပါတယ်။