မန်ချက်စတာစီးတီး အသင်းဟာ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ခရစ္စတယ် ပဲလေ့စ်အသင်းကို ရှုံးနိမ့်ခဲ့ရပေမယ့် စီးတီးနည်းပြ ပက် ဂွာဒီယိုလာကတော့ ဒီရှုံးပွဲအတွက် နောင်တရစရာ ဘာမှမရှိဘူးလို့ ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ မနေ့က ဝင်ဘလေကွင်းမှာ ကစားခဲ့တဲ့ ဗိုလ်လုပွဲမှာ စီးတီးတို့ဟာ ပဲလေ့စ်ကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီး ပဲလေ့စ်အတွက် အနိုင်ဂိုးကို ပွဲကစားချိန် ၁၆ မိနစ်မှာ ကစားသမား အက်ဇီးက သွင်းယူပေးခဲ့ပါတယ်။ ဒီဂိုးဟာ ပဲလေ့စ်အသင်းအတွက် အသင်းသမိုင်းတစ်လျှောက် ပထမဆုံး အဓိက ဆုဖလားတစ်လုံးကို ဆွတ်ခူးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit : The Independent

စီးတီးတို့ဟာ ဒီပွဲမှာ အခွင့်အရေးတွေ အများကြီး ရရှိခဲ့ပါတယ်။ ပထမပိုင်းမှာ မာမွတ်ရှ်ရဲ့ ပင်နယ်တီ ကန်သွင်းမှုကို ပဲလေ့စ်ဂိုးသမား ဒင်း ဟန်ဒါဆန်က ကာကွယ်ခဲ့ပါတယ်။ ဟန်ဒါဆန်ဟာ ဒီပွဲမှာ အကောင်းဆုံး လက်စွမ်းပြ ကစားခဲ့ပြီး ဟာလန်း ဂါဗာဒီယော့နဲ့ လူစားဝင်လာတဲ့ အီချီဗယ်ရီတို့ရဲ့ အန္တရာယ်ရှိတဲ့ ကန်သွင်းမှုတွေကိုပါ ပုတ်ထုတ် ကာကွယ်ခဲ့ပါသေးတယ်။

ဒီပွဲမှာ နည်းပြ ဂွါဒီယိုလာရဲ့အသင်းဟာ ဘောလုံးပိုင်ဆိုင်မှု (၇၆.၇)% အထိ ရရှိခဲ့ပြီး ဒါဟာ Opta ရဲ့ ၂၀၁၄ ခုနှစ်ကတည်းက စာရင်းတွေအရ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ဘောလုံးပိုင်ဆိုင်မှု အများဆုံး ရခဲ့တဲ့အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါ့အပြင် စီးတီးတို့ရဲ့ ဂိုးပေါက်ခြိမ်းခြောက်မှု (၂၃)ကြိမ် ကလည်း အက်ဖ်ဖလား ဗိုလ်လုပွဲမှာ ဂိုးမသွင်းနိုင်ဘဲ အများဆုံး ဂိုးပေါက်ခြိမ်းခြောက်မှု ပြုလုပ်ခဲ့တဲ့အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပြန်ပါတယ်။

Photo Credit : The Independent

ပွဲပြီးခါနီးမှာတော့ ပဲလေ့စ်ရဲ့သူရဲကောင်းဖြစ်တဲ့ ဂိုးသမား ဟန်ဒါဆန်ဟာ ပွဲပြန်စတင်တာကို နှေးကွေးအောင် လုပ်ခဲ့တဲ့အတွက် ဂွာဒီယိုလာနဲ့ စကားများခဲ့ပါတယ်။ ဂွာဒီယိုလာကတော့ သူ့အသင်းဖြစ်တဲ့ စီးတီးဟာ ပရိသတ်တွေ ကြည့်ချင်တဲ့အတိုင်း ကစားစေချင်တဲ့အတွက် အချိန်ဆွဲဖို့ ဘယ်တော့မှ မကြိုးစားဘူးလို့ ဆိုပါတယ်။ “သူ့ဘက်က ကာကွယ်ပြောဆိုတာကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ ဒါဟာ အချိန်ဆွဲတာပါပဲ။ နောက်ဆုံးမိနစ်တွေမှာ အချိန်ဆွဲတာကိုတော့ ကျွန်တော် နားလည်နိုင်ပါတယ်။ ဒါပေမဲ့ (၁)မိနစ် (၂)မိနစ်လောက် ကတည်းကလား။ သူက ဗြိတိန်သားပါ။ အင်္ဂလိပ်ဘောလုံးမှာ ကစားရမယ်လေ။ တကယ်တော့ ကျွန်တော်တို့ ဂိုးသွင်းဖို့ လိုအပ်ပါတယ်။ ဟန်ဒါဆန် အချိန်ဆွဲလို့ ကျွန်တော်တို့ ရှုံးတာ မဟုတ်ပါဘူး။ နောက်ဆုံးမိနစ်တွေမှာ အချိန်ဆွဲတာကိုတော့ ကျွန်တော် နားလည်ပါတယ်။ နောင်တရစရာ မရှိဘူး၊ မနှစ်ကထက် ပိုကောင်းအောင် ကစားခဲ့တယ်” လို့ ဂွာဒီယိုလာက ပြောပါတယ်။

“ပဲလေ့စ်ကို ဂုဏ်ပြုပါတယ်။ ကျွန်တော်တို့ အားလုံးလုပ်ခဲ့ပါတယ်။ နောင်တရစရာ ဘာမှမရှိပါဘူး။ နောက်ဆုံး ၂ ပွဲမှာ ကျွန်တော်တို့ ခံစစ်အရမ်းကျစ်လျစ်တဲ့အသင်းတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ကျွန်တော်တို့ အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်ခဲ့ပါတယ်။ ဂိုးမသွင်းနိုင်ရင်တော့ နိုင်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့ ဝမ်းနည်းမိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မနှစ်က ယူနိုက်တက်နဲ့ ကစားခဲ့တာထက် အများကြီး ပိုကောင်းအောင် ကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ အားလုံးလုပ်ခဲ့ပါတယ်။ အခွင့်အရေးတွေ အများကြီး ဖန်တီးခဲ့ပါတယ်။ နောက်ဆုံး ၂ ပွဲမှာ ဂိုးပေါက် ၅၀ လောက် ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ဘောလုံးဆိုတာ တစ်ခါတစ်လေ ဒီလိုပါပဲ။ ကျွန်တော်တို့ အားလုံးလုပ်ခဲ့ပြီး သူတို့လည်း ကောင်းကောင်း ခံစစ် ကစားနိုင်ခဲ့ပါတယ်။ အခွင့်အရေးတွေ ဖန်တီးခဲ့ပါတယ်။ အချိတ်အဆက်တွေကိုလည်း ကောင်းကောင်း ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ကံမကောင်းစွာပဲ ကျွန်တော်တို့ မနိုင်ခဲ့ပါဘူး။ ခရစ္စတယ် ပဲလေ့စ်ကို ဂုဏ်ပြုပါတယ်။” လို့ ဂွာဒီယိုလာက ပြောကြားခဲ့ပါတယ်။