မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ပက်ပ် ဂွာဒီယိုလာက သူတို့အသင်းရဲ့ အနီးကပ်ဆုံး ပြိုင်ဘက်ကလပ်အသင်းဖြစ်တဲ့ အာဆင်နယ်အသင်းဟာ တစ်နှစ်ပြီးတစ်နှစ် ပိုပိုကောင်းမွန်လာတယ်လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရာကနေ ဒီနောက်ပိုင်းနှစ်တွေထဲ အာဆင်နယ်အသင်းနဲ့ပါ ထပ်တိုး ယှဉ်ပြိုင်ခဲ့ရပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီ (၂)ရာသီဆက်တိုက်လောက်အထိ အာဆင်နယ်အသင်းက မန်စီးတီးနောက်ကနေ အနီးကပ်ဆုံး ဖိအားပေးနိုင်ခဲ့ပါတယ်။

Photo Credit : Football365

ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီမှာဆိုရင်လည်း ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့တဲ့ မန်စီးတီးနဲ့ ဒုတိယနေရာက အာဆင်နယ်အသင်းတို့ကြားမှာ ရမှတ်ကွာဟချက်က (၃)မှတ်တည်းသာ ရှိခဲ့ရပါတယ်။ ဒါဟာ အာဆင်နယ်အနေနဲ့ ပရီးမီးယားလိဂ် ဆုဖလားအတွက် မန်စီးတီးကို အနီးကပ်ဆုံး စိန်ခေါ်နိုင်သူ ဖြစ်လာခဲ့ရတယ်လို့ ယူဆနိုင်ပါတယ်။

အခုဆိုရင်လည်း မန်စီးတီးနဲ့ အာဆင်နယ်တို့ဟာ မနက်ဖြန်မှာပဲ ပြန်လည် တွေ့ဆုံကြတော့မှာဖြစ်ပြီး လက်ရှိ ဘောလုံးရာသီမှာလည်း မန်စီးတီးက ရာနှုန်းပြည့်နိုင်ပွဲနဲ့ အဆင့်(၁) (၄)ပွဲကစား (၃)ပွဲနိုင် (၁)ပွဲသရေ ရှုံးပွဲမရှိ ရလဒ်နဲ့ အာဆင်နယ်က အဆင့်(၂)နေရာမှာ ရပ်တည်နေကြတာမို့ အခု ဒီနှစ်သင်းရဲ့ တွေ့ဆုံမှုဟာ အလွန် စိတ်ဝင်စားစရာကောင်းနေရပါတယ်။

Photo Credit : Sky Sports

ဒီပွဲနဲ့ ပတ်သက်ပြီး မန်စီးတီးနည်းပြ ဂွာဒီယိုလာက “အာဆင်နယ်အသင်းက တစ်နှစ်ထက်တစ်နှစ် ပိုပိုပြီးတော့ကို ကောင်းမွန်လာပါတယ်။ ဒါက ဘာကြောင့်လဲဆိုတော့ သူတို့က အသင်းရဲ့ ကစားသမားအင်အားအပေါ် အများကြီး ရင်းနှီးမြှပ်နှံကြလို့ပါပဲ။ အသင်းရဲ့ ကစားသမားအင်အားကိုမှ နောက်ထပ် အရည်အသွေးကောင်းတဲ့ ထိပ်တန်း ကစားသမားတွေပါ ဖြည့်တင်းလိုက်တာမို့ ပိုပြီးတော့ကို တောင့်တင်းလာပါတယ်။”

“ကျွန်တော်က အခုလို တစ်စုံတစ်ခု ပြောလာမယ်ဆိုရင် ဒါဟာ ကျွန်တော်က ပွဲမစခင်မှာ mind game တွေ ဒါမှမဟုတ် တခြား တစ်ခုခုကို ပြောနေကြတာဆိုပြီး လူတွေက ထင်မြင်ကြတယ်။ ဒါပေမယ့် ကျွန်တော်က သူတို့အသင်းနဲ့ ပတ်သက်ပြီး ကြီးမားတဲ့ ထင်မြင်ချက်တစ်ခုကိုပဲ ထုတ်ပြောရုံပါပဲ။” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။