ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ဖြစ်သူ ပပ် ဂွာဒီယိုလာကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လက်စတာ စီးတီး ၀-၁ မန်ချက်စတာ စီးတီး ပွဲစဉ်ကို လွဲချော်ခဲ့တဲ့ အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး အာလင်း ဟာလန်းဟာ အရွတ်ဒဏ်ရာကြောင့် အနားယူရဦးမယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောပြသွားခဲ့ပါတယ်။

မန်ချက်စတာ စီးတီးက ပရီးမီးယားလိဂ် ပွဲစဉ်(၁၄) အဖြစ် အဝေးကွင်းမှာ လက်စတာ စီးတီးကို သွားရောက် ရင်ဆိုင် ကစားခဲ့ရာ အဓိက တိုက်စစ်မှူး ဟာလန်း မပါဝင်နိုင်တာကြောင့် သွင်းဂိုးတွေ သွင်းယူနိုင်ဖို့ ခက်ခဲခဲ့ပြီး အဓိက ကွင်းလယ်လူ ကယ်ဗင် ဒီဘရိုင်းရဲ့ လှပတဲ့ ဖရီးကစ် ကန်ချက်ကြောင့်သာ အဝေးကွင်းမှာ အဖိုးတန်နိုင်ပွဲ တပွဲ ရရှိခဲ့တာပါ။

Photo Credit: Sky Sports

လက်စတာ စီးတီးကို အဝေးကွင်းမှာ အနိုင်ရခဲ့တာကြောင့်ပဲ မန်ချက်စတာ စီးတီးက ပရီးမီးယားလိဂ်ရဲ့ ထိပ်ဆုံးနေရာကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့ညမှာ ကစားရမယ့် အာဆင်နယ်နဲ့ နော်တင်ဟမ် ဖောရက်စ်ပွဲမှာသာ အာဆင်နယ်က အနိုင်မရခဲ့ရင် အဆင့်(၁)နေရာကို ဆက်လက် ထိန်းသိမ်းနိုင်မှာ ဖြစ်ကာ အာဆင်နယ်က အနိုင်ရခဲ့ရင်တော့ အဆင့်(၂) နေရာကို ပြန်ဆင်းပေးရပါမယ်။

မန်ချက်စတာ စီးတီးက လက်စတာ စီးတီးကို အနိုင်ရခဲ့ပေမယ့် တိုက်စစ်ပိုင်းမှာ လိုအပ်ချက်တွေ ရှိခဲ့တာကြောင့် မန်ချက်စတာ စီးတီးရဲ့ ပရိသတ်တွေက ကြယ်ပွင့် တိုက်စစ်မှူး အာလင်း ဟာလန်း တယောက် အမြန်ဆုံး ပြန်ကစားပေးဖို့ မျှော်လင့်နေကြပြီး ဂွာဒီယိုလာကတော့ ဟာလန်းဟာ အရွတ်ဒဏ်ရာကြောင့် နောက်တပတ်မှသာ အသင်းအတွက် ပြန်ကစားပေးနိုင်မယ်လို့ ပရိသတ်တွေကို အသိပေးသွားခဲ့ပါတယ်။

Photo Credit: Sky Sports

ဟာလန်းရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သတ်ပြီး ဂွာဒီယိုလာက – “ဟာလန်း တယောက် ဘယ်အချိန်မှ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်မလဲ ဆိုတာ အတိအကျ မသိရသေးပါဘူး။ ဟာလန်းက အရွတ်ဒဏ်ရာ ရထားတာပါ။ အခုတော့ သူက သက်သာနေပါပြီ။ ကျွန်တော်တို့မှာ နောက်ထပ် ဘောလုံးကစားဖို့ အချိန်တပတ်ကျော်လောက် ကျန်နေပါသေးတယ်။ သူက ဆီဗီးလားနဲ့ ပွဲမှာတော့ ဝင်ကစားနိုင်မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က နောက်တဆင့်ဆီ တက်ရောက်နိုင်ခဲ့ပြီး ဖြစ်တာကြောင့် သူ့ကို ဝင်ကစားခိုင်းမယ့် အစား ကြံ့ခိုင်မှု ပြည့်ဝအောင်ပဲ တည်ဆောက်ခိုင်းဖို့ စဉ်းစားထားလို့ပါ။ ဒါကြောင့် သူက ဖူလ်ဟမ်နဲ့ပွဲမှာ ကျွန်တော်တို့ကို ကူညီပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်။ တကယ်လို့ ဖူလ်ဟမ်နဲ့ပွဲမှာ မကစားနိုင်ရင်တော့ ဟာလန်းက ချယ်လ်ဆီးနဲ့ ကစားရမယ့် ကာရာဘောင်းဖလားပွဲမှာ ပြန်ကစားပေးနိုင်ပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။