ယမန်နေ့ညမှာပဲ မန်ချက်စတာ စီးတီးကို ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ (၄)နှစ်ဆက် ချန်ပီယံ ဖြစ်အောင် ဦးဆောင်ပေးထားနိုင်တဲ့ နည်းပြချုပ် ပပ် ဂွာဒီယိုလာက သူဟာ မန်ချက်စတာ စီးတီးနဲ့ ချုပ်ဆိုထားတဲ့ လက်ရှိစာချုပ် သက်တမ်း ကုန်ဆုံးသွားရင် မန်ချက်စတာ စီးတီးမှာ ဆက်နေဖို့ မသေချာဘူးလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဂွာဒီယိုလာ ဦးဆောင်နေတဲ့ မန်ချက်စတာ စီးတီးက ပရီးမီးယားလိဂ်ရဲ့ ရာသီပိတ်ပွဲ အထိ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အာဆင်နယ်နဲ့ ယှဉ်ပြိုင်ခဲ့ရပေမယ့် ရာသီပိတ်ပွဲမှာ ဝက်စ်ဟမ်းကို ၃-၁ ဆိုတဲ့ ရလဒ်နဲ့ အမှားအယွင်း မရှိ အနိုင်ရခဲ့တာကြောင့် ၂၀၂၃-၂၀၂၄ ဘောလုံးရာသီရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ထိုက်ထိုက်တန်တန် ရယူနိုင်ခဲ့ပါတယ်။

Photo Credit: Sky Sports

မန်ချက်စတာ စီးတီးက အိမ်ကွင်းမှာ ဝက်စ်ဟမ်းကို အနိုင်ရကာ ပရီးမီးယားလိဂ် ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ဖလားကို (၄)နှစ်ဆက်တိုက် ရယူနိုင်တဲ့ ပထမဦးဆုံးအသင်း အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

မန်ချက်စတာ စီးတီးက ပြီးခဲ့တဲ့နှစ်မှာ မြို့ခံပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဖလား ၃လုံးစံချိန်ကို လိုက်မှီခဲ့သလို ဒီရာသီမှာလည်း ဖာဂူဆန်ရဲ့ မန်ချက်စတာ ယူနိုက်တက် ၊ အာဆင်ဝင်းဂါးရဲ့ အာဆင်နယ်နဲ့ မော်ရင်ဟိုရဲ့ ချယ်လ်ဆီးတို့တောင် မရခဲ့ဖူးတဲ့ (၄)နှစ်ဆက် ချန်ပီယံ ဆိုတဲ့ ဂုဏ်ပုဒ်ကို ရယူနိုင်ခဲ့တာကြောင့် စီးတီးရဲ့ ပဲ့ကိုင်ရှင် ဂွာဒီယိုလာဟာ ဘောလုံးပရိသတ်တွေနဲ့ ဂန္တဝင် ကစားသမားတွေရဲ့ ချီးကျူးမှုတွေကို ရရှိနေပါတယ်။

Photo Credit: Euro Sports

ဂွာဒီယိုလာက မန်ချက်စတာ စီးတီးကို ၂၀၁၆ခုနှစ် ကနေ ၂၀၂၄ခုနှစ် အထိ ၈နှစ်ကြာ ကိုင်တွယ်ခဲ့ရာ အသင်းအတွက် ပရီးမီးယားလိဂ်ဖလား ၆လုံး အပါအဝင် စုစုပေါင်း ဆုဖလား ၁၇လုံး အထိ ရယူပေးနိုင်ခဲ့ပြီး သူနဲ့ မန်ချက်စတာ စီးတီးတို့ရဲ့ ကြားထဲမှာ ရှိနေတဲ့ စာချုပ်ဟာ လာမယ့် ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးဖို့ ရှိနေပါတယ်။

ဂွာဒီယိုလာက အဓိက ဆုဖလားတွေ ဆက်တိုက် ရယူပေးနေတာကြောင့် မန်ချက်စတာ စီးတီးက ဂွာဒီယိုလာကို စာချုပ်သစ် ချုပ်ဆိုချင်နေပေမယ့် ဂွာဒီယိုလာကတော့ သူဟာ ပင်ပန်းလာပြီ ဖြစ်တာကြောင့် မန်ချက်စတာ စီးတီးနဲ့ စာချုပ်သစ် ထပ်ချုပ်ဖို့ မသေချာဘူးလို့ ဆိုလာပါတယ်။ ဂွာဒီယိုလာက – “အမှန်အတိုင်း ပြောရရင် ကျွန်တော်က မန်ချက်စတာ စီးတီးမှာ ဆက်နေဖို့ထက် အသင်းကနေ ထွက်သွားဖို့ ပိုပြီး နီးစပ်လာနေပါပြီ။ ကျွန်တော်နဲ့ အသင်းကြားမှာ ဆွေးနွေးမှုတွေ အများကြီးတော့ လုပ်ထားပါတယ်။ လက်ရှိမှာ ကျွန်တော့်ရဲ့ ခံစားချက်က ကျွန်တော်ဟာ ဒီအသင်းမှာ ဆက်နေချင်ပါတယ်။ ဒါကြောင့် ကျွန်တော်က လာမယ့်ရာသီမှာ စီးတီးရဲ့ နည်းပြချုပ် အဖြစ် ဆက်ပြီး လုပ်ကိုင်ပါဦးမယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ အနာဂတ် အတွက် ရာသီသစ်မှာ အသင်းနဲ့ ဆွေးနွေးမှုတော့ လုပ်ရပါမယ်။ အဲ့ဒီအချိန်ကျရင် ဘယ်လို ဆုံးဖြတ်ချက်မျိုး ရလာမလဲ ဆိုတာ စောင့်ကြည့်ကြတာပေါ့” လို့ ပြောကြားသွားခဲ့တာပါ။