ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ဖြစ်သူ ပပ် ဂွာဒီယိုလာက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ စပါးနဲ့ ပရီးမီးယားလိဂ်ပွဲမှာ ၁-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် သူတို့အသင်းဟာ ချန်ပီယံဆုအကြောင်း တွေးလို့ ရတဲ့ အနေအထားမျိုးမှာ မရှိတော့ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

စပါးနဲ့ မန်ချက်စတာ စီးတီးတို့ရဲ့ ပွဲစဉ်မတိုင်မီမှာ မန်ချက်စတာ စီးတီးရဲ့ ချန်ပီယံလုဘက် အာဆင်နယ်က အဲဗာတန်ကို အဝေးကွင်းမှာ ၁-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ထားတာကြောင့် မန်ချက်စတာ စီးတီးကသာ စပါးကို အနိုင်ယူနိုင်ရင် အာဆင်နယ်ထက် ၁ပွဲပို ကစားထားပြီး ရမှတ် ၂မှတ်သာ ကွာဟတော့မယ့် အခြေအနေကို ရောက်ရှိသွားမှာပါ။

Photo Credit: Standard

ဒါပေမယ့် စပါးကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင် ကစားခဲ့ရတဲ့ ပွဲမှာ မန်ချက်စတာ စီးတီးက လိုချင်တဲ့ အနိုင်ရလဒ်ကို ရအောင် မယူနိုင်ခဲ့သလို ဂွာဒီယိုလာရဲ့ သစ်ဆန်းတဲ့ ကစားကွက် ပုံဖော်မှုတွေ ၊ အဓိက ကွင်းလယ်လူတွေ ဖြစ်တဲ့ ဂန်ဒိုဂန်နဲ့ ဒီဘရိုင်းတို့ကို ပွဲထွက်လူစာရင်း ကနေ ချန်လှပ်ခဲ့မှုတွေကြောင့် ပွဲချိန် ၁၅မိနစ်မှာ သွင်းယူခဲ့တဲ့ ဟယ်ရီကိန်းရဲ့ တဂိုးထဲနဲ့ မန်ချက်စတာ စီးတီးဟာ စပါးကို ကပ်ရှုံးခဲ့ရပါတယ်။

စပါးကို အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့တာကြောင့် အာဆင်နယ်နဲ့ မန်ချက်စတာ စီးတီးတို့ရဲ့ ကြားထဲမှာ ရှိနေတဲ့ ရမှတ်ကွာခြားချက်က ပိုနေမြဲ ၊ ကျားနေမြဲ အတိုင်း ရှိနေဆဲ ဖြစ်ပြီး အာဆင်နယ်က မန်ချက်စတာ စီးတီးထက် တပွဲလျော့ ကစားထားချိန်မှာ ရမှတ် ၅မှတ် ပိုသာနေကာ မန်ချက်စတာ စီးတီးနည်းပြ ဂွာဒီယိုလာကတော့ စပါးနဲ့ ပွဲအပြီးမှာ သူတို့ဟာ ချန်ပီယံဆုနဲ့ အလှမ်းဝေးသွားပြီလို့ ဝန်ခံလာပါတယ်။

Photo Credit: Standard

ဂွာဒီယိုလာက – “ကျွန်တော်တို့က ချန်ပီယံဆု အတွက် တွေးတောရမယ့် နေရာမျိုးမှာ ရောက်မနေပါဘူး။ အခုချိန်မှာ ကျွန်တော်တို့ လုပ်နိုင်တဲ့ အရာက နောက်တပွဲ အတွက် တွေးတောဖို့ပါ။ ကျွန်တော်တို့က ချန်ပီယံဆုနဲ့ အလှမ်းဝေးသွားပြီလို့ ပြောရင်လည်း ရပါတယ်။ ကျွန်တော်တို့က အာဆင်နယ် အမှတ်လျော့သွားချိန်မှာ သူတို့နဲ့ နီးကပ်နေအောင် လုပ်ဆောင်နိုင်ရပါမယ်။ ပြီးတော့ အဆင့်၅နေရာမှာ ရှိနေတဲ့ စပါးကိုလည်း ရမှတ် ဖြတ်ထားသင့်တာပေါ့။ ဒါပေမယ့် ကျွန်တော်တို့က အဲ့ဒီလို မလုပ်နိုင်ခဲ့ပါဘူး။ အခုချိန်မှာ ကျွန်တော်တို့ အတွက် အရေးအကြီးဆုံးက ချန်ပီယံလိဂ်ဝင်ခွင့်ပါပဲ။ ကျွန်တော်တို့က များပြားလှတဲ့ အကြောင်းပြချက်တွေကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ လိုပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။