တိုက်စစ်ကစားသမား အာလင်း ဟာလန်းက လက်ရှိ ဘောလုံးလောကရဲ့ GOAT ကြီး နှစ်ဦးဖြစ်တဲ့ လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့လို အဆင့်မျိုးကို ရောက်ရှိနေပြီလို့ မန်ချက်စတာ စီးတီး နည်းပြကြီး ပက်ပ် ဂွာဒီယိုလာက မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။
မန်စီးတီး တိုက်စစ်မှူး ဟာလန်းဟာ အခုဆိုရင် မန်စီးတီးနဲ့အတူ တတိယမြောက် ဘောလုံးရာသီကို ဖြတ်သန်းနေတာဖြစ်ပြီး မနေ့က ကစားသွားခဲ့တဲ့ ချယ်လ်ဆီးနဲ့ ပွဲစဉ်မှာပဲ စီးတီး ကစားသမားဘဝ ပွဲပေါင်း (၁၀၀) ပြည့်မြောက်သွားခဲ့ရသလို ပွဲ (၁၀၀)အတွင်းမှာလည်း သူရဲ့ သွင်းဂိုး အရေအတွက်က (၉၁)ဂိုးအထိတောင် ရှိခဲ့ပါတယ်။
Photo Credit : Goal
ဟာလန်းက ဒေါ့မွန်ကနေ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့လာချိန်မှာပဲ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဘယ်ကစားသမားမှ မရယူနိုင်ခဲ့ဖူးတဲ့ သွင်းဂိုးစံချိန်မျိုးကို ရယူပြနိုင်ခဲ့သလို ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကိုလည်း (၂)ရာသီဆက်တိုက်အထိ ပိုင်ဆိုင်နိုင်ခဲ့ပါသေးတယ်။ အခုလည်း မန်စီးတီးအတွက် ပွဲပေါင်း ရာပြည့်ကို ပါဝင်ကစားရင်း အရေးပါတဲ့ ဦးဆောင်ဂိုးကိုပါ သွင်းယူနိုင်ခဲ့ပါသေးတယ်။
ဒေါ့မွန် ဆဲလ်ဘတ်အသင်းတွေမှာ ကစားခဲ့စဉ်ကလည်း အခုလို ဂိုးသွင်း စွမ်းရည်ကောင်းတွေ ပြသနိုင်ခဲ့ဖူးတဲ့ ဟာလန်းက အခု မန်စီးတီးမှာလည်း ကြောက်ခမန်းလိလိ ဂိုးအရေအတွက်တွေကို ထပ်မံ ပြသထားနိုင်ခဲ့ပါတယ်။ ဒီလို စွမ်းဆောင်ပြနေတဲ့ ဟာလန်းနဲ့ ပတ်သက်ပြီး ဂွာဒီယိုလာက “လွန်ခဲ့တဲ့ ဆယ်စုနှစ်နဲ့ (၁၅)နှစ်တာအတွင်း အရာအားလုံး ထိန်းချုပ်ထားနိုင်ခဲ့တဲ့ မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့လို ကိန်းဂဏန်းမျိုးတွေ သူ့မှာ ရှိနေတယ်။”
Photo Credit : Sky Sports
“အရေအတွက်အရဆိုရင်တော့ ဒါက ဒီကစားသမားတွေရဲ့ အဆင့်လိုမျိုးပါပဲ။ သူ ဘယ်လိုတွေတောင် လုပ်ဆောင်နေလဲဆိုတာ ကျွန်တော် မသိပေမယ့် ပွဲပေါင်း (၁၀၀)မှာ (၉၁)ဂိုးအထိ သွင်းနိုင်တယ်ဆိုတာက ပရီးမီးယားလိဂ်နဲ့ ဒီနိုင်ငံလို နေရာမျိုးအတွက်ဆိုရင် မယုံနိုင်စရာပါပဲ။ နောက်ပြီး မနှစ်ကထက် ပိုကောင်းလာတယ်လို့လည်း ခံစားမိပါတယ်။ ပြီးခဲ့တဲ့ ရာသီအပြီးမှာ သူ နည်းနည်း ပင်ပန်းနေပါလိမ့်မယ်။”
“ဒါပေမယ့် နော်ဝေက ကံမကောင်း အကြောင်းမလှပဲ ယူရိုပြိုင်ခွင့် မရလိုက်တာကြောင့် သူ့အတွက် နားရက်က ပိုရသွားခဲ့တယ်။ သူ့အတွက် ပိုလည်း အဆင်ပြေသွားခဲ့ရတယ်။ အခုပွဲမှာလည်း သူရဲ့သွင်းဂိုးက ခမ်းနားပါတယ်။ သူရဲ့ သွင်းဂိုးအတွက် ပါဝင်ပတ်သက်မှုကလည်း များပြားပါတယ်။”လို့ ပြောဆိုသွားခဲ့ပါတယ်။