မနေ့က လိဂ်ဝမ်းကလပ် လေတန် အိုးရီးယန့်နဲ့ မန်ချက်စတာ စီးတီးအသင်းတို့ အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်ကို ယှဉ်ပြိုင်ခဲ့ရာ မထင်မှတ်ဘဲ မန်စီးတီးက နောက်ကနေ လိုက်ကစားခဲ့ရရင်း ဒုတိယပိုင်းမှ သွင်းဂိုးတွေ ပြန်လည် သွင်းယူခဲ့ရင်း လေတန်ကို အနိုင်ယူ ကျော်ဖြတ်သွားခဲ့ပါတယ်။

ဒီပွဲစဉ်မှာ အိမ်ရှင်လေတန်က ပွဲကစားချိန် (၁၈)မိနစ်မှာပဲ ဦးဆောင်ဂိုးကို စတင် ရရှိခဲ့တာဖြစ်ပြီး သူတို့အသင်းရဲ့ ကစားပုံကလည်း မန်စီးတီးကို အတော်လေး ဒုက္ခပေးသွားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် မန်စီးတီးက ဒုတိယပိုင်းမှာ လူစားဝင်လာကြတဲ့ ခူဆာနော့ဗ် ဒီဘရိုင်းတို့ရဲ့ ဂိုးတွေနဲ့ လေတန်ကို comeback ရလဒ်နဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။

Photo Credit : Goal

လေတန် အိုးရီးယန့်က မန်စီးတီးကို ဦးဆောင်ထားနေချိန်မှာ လေတန်ပရိသတ်များကလည်း မန်စီးတီးနည်းပြ ပပ် ဂွါဒီယိုလာကို မနက်ကျရင် အလုပ်ဖြုတ်ခံရတော့မယ်ဆိုပြီး အော်ဟစ် လှောင်ပြောင်ခဲ့ကြပါသေးတယ်။ ဒီလို အော်ဟစ် လှောင်ပြောင်မှုက အန်ဖီးလ်မှာ လီဗာပူးလ်က မန်စီးတီးအသင်းကို (၂)ဂိုးပြတ်နဲ့ ဦးဆောင်ထားချိန် လီဗာပူးလ် ပရိသတ်တွေကနေ စတင် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အခု ဒီပွဲမှာ လေတန်အသင်း ပရိသတ်တွေက အလားတူ အော်ဟစ် လှောင်ပြောင်မှုကို လုပ်ခဲ့ကြပေမယ့် ဒုတိယပိုင်းမှာ မန်စီးတီးဘက်ကနေ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူခဲ့ရင်း လေတန်တို့ ရှုံးပွဲတွေ့ခဲ့ရပါတယ်။ ဒီလို သူ့ကို အော်ဟစ်မှုနဲ့ ပတ်သက်ပြီး ဂွါဒီယိုလာက “သူတို့က မနက်ဖြန် မနက်ကျရင် မင်းကို အလုပ်ဖြုတ်တော့မယ်လို့ သိပ်ပြီး မပျော်ဘူးပေါ့။”

Photo Credit : Sky Sports

“ဒါပေမယ့် ဒါက ဘောလုံးကွင်းတိုင်းမှာ ဖြစ်နေကျပါပဲ။ အခုရလဒ်နဲ့သာဆိုရင် ကျွန်တော်တို့အသင်းရဲ့ ဥက္ကဌက မနက်ဖြန်မှာ ကျွန်တော့်ကို နည်းပြရာထူးကနေ မထုတ်ဘူးလို့ပဲ ထင်ပါတယ်။ ဒါကတော့ သေချာပါတယ်။” လို့ ပြန်လည် တုံ့ပြန်သွားခဲ့ပါတယ်။ ဒါပေမယ့် ပြိုင်ဘက်လေတန်အသင်းဟာ သူတို့အတွက် ခက်ခဲတဲ့ ပြိုင်ဘက်ဖြစ်ခဲ့ကြောင်းကိုတော့ ဂွါဒီယိုလာက အတည်ပြုသွားခဲ့ပါတယ်။

“ပထမပိုင်း (၁၀)မိနစ် (၁၅)မိနစ်အတွင်းမှာ အထူးသဖြင့် သူတို့က ချန်နယ်တွေကနေ တိုက်စစ်ဆင်လာတဲ့အခါ ဒါကို ကျွန်တော်တို့က ကာကွယ်နိုင်ခဲ့ခြင်း မရှိဘူး။ ပြီးတော့ သူတို့က အဝေးကန်ချက်တွေနဲ့ ဒီလိုအခြေအနေမျိုးမှာ တကယ့်ကို အားကောင်းခဲ့ပါတယ်။ ဒါက တကယ်ကို ခက်ခဲပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အံ့ဖွယ်ဂိုးတစ်ဂိုးပြီးနောက်မှ ကျွန်တော်တို့က ပွဲကို ပြန်လည်ထိန်းချုပ်ခဲ့ပြီး အခွင့်အရေးတွေ အများကြီး ရခဲ့တယ်။” လို့ ဂွါဒီယိုလာက ဆိုသွားခဲ့ပါတယ်။