မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ပပ် ဂွါဒီယိုလာကတော့ ဒီရာသီ ချန်ပီယံလိဂ်မှာ ရှုံးထွက် ပလေးအော့အဆင့်နဲ့ပဲ စောစောစီးစီး ထွက်ခွာခဲ့ရပြီးနောက်ပိုင်း လက်ကျန် (၁၆)သင်းထဲကမှ ချန်ပီယံ ဖြစ်နိုင်ခြေ အရှိဆုံး အသင်း(၄)သင်းကို ခန့်မှန်းသွားခဲ့လိုက်ပါတယ်။
မန်စီးတီးကို ချန်ပီယံလိဂ်မှာ ဗိုလ်စွဲအောင် စွမ်းဆောင်ပေးထားနိုင်ခဲ့တဲ့ နည်းပြ ဂွါဒီယိုလာဟာ ဒီရာသီမှာတော့ အစောဆုံး အနေအထားနဲ့ပဲ ပြိုင်ပွဲကနေ ထွက်ခွာလိုက်ရပြီ ဖြစ်တာကြောင့် လက်ရှိမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း အဆင့်(၄)အတွင်း ဝင်ရောက်နိုင်အောင်နဲ့ အက်ဖ်အေဖလားမှာ ချန်ပီယံ ဖြစ်လာအောင်ကိုသာ အာရုံစိုက်ရပါတော့မယ်။
Photo Credit : The Independent
မန်စီးတီးဟာ ရှုံးထွက် ပလေးအော့မှာ ချန်ပီယံလိဂ်ရဲ့ အအောင်မြင်ဆုံးအသင်း ရီးယဲလ်ကို နှစ်ကျော့လုံး အရှုံးပေးခဲ့ရင်း ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဖြစ်ပြီး ဒီလို သူတို့အသင်းကို ကျော်ဖြတ်ခဲ့တဲ့ ရီးယဲလ်အသင်း အပါအဝင် ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်မယ့် အသင်း(၄)သင်း အကြောင်းကို ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။
“မက်ဒရစ်က ပြိုင်ဘက်ကောင်းတစ်ဦးဖြစ်တာ သေချာပါတယ်။ ဒါပေမယ့် တခြားကောင်းတဲ့ အသင်းတွေလည်း ရှိပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ ချန်ပီယံလိဂ် ရာသီတစ်ခု ဖြစ်လာမှာပါ။ မက်ဒရစ်ဟာ ဒီဆုဖလားအတွက် အမြဲတမ်း ရေပန်းအစားဆုံးပါပဲ။ အရမ်းကောင်းတဲ့ ရာသီကို ဖြတ်သန်းနေတဲ့ တခြားအသင်းတွေလည်း ရှိပါတယ် ဒါပေမယ့် မက်ဒရစ်က အမြဲတမ်း ရေပန်းအစားဆုံး ဖြစ်နေမှာပါ။”
Photo Credit : Metro
“ဒါပေမယ့် အရမ်းကောင်းကောင်း ကစားနေတဲ့ တခြားအသင်းတွေလည်း ရှိပါတယ်။ လီဗာပူးလ်ဟာ လက်ရှိအချိန်အထိ အရမ်းကောင်းတဲ့ ရာသီကို ဖြတ်သန်းနေပါတယ်၊ ဘာစီလိုနာက အံ့သြစရာကောင်းပါတယ်။ ကျွန်တော့်ရဲ့ သူငယ်ချင်း လူးဝစ် အင်းနရစ် ကိုင်တွယ်နေတဲ့ ပီအက်စ်ဂျီအသင်းဟာလည်း တက်လမ်းမှာ ရှိနေပါတယ်။ ဒါပေမယ့် မက်ဒရစ်ကသာ ရေပန်းအစားဆုံးဆိုတာ ထင်ရှားပါတယ်။” လို့ ဂွါဒီယိုလာက ပြောဆိုပါတယ်။
ဒီနေ့ညနေမှာတော့ ချန်ပီယံလိဂ် ရှုံးထွက် (၁၆)သင်းအဆင့်အတွက် ပွဲစဉ်တွေကို မဲနှိုက်ရေးဆွဲမှာဖြစ်ပြီး လီဗာပူးလ် ဘာစီလိုနာ အာဆင်နယ် အင်တာမီလန် အသက်လက်တီကို လေဗာကူဆင် လိုင်လီ ဗီလာ ရီးယဲလ် ဒေါ့မွန် ဘိုင်ယန်မြူးနစ် ပီအက်စ်ဂျီ ဘင်ဖီကာ ကလပ်ဘရုဂေး ဖိုင်ယင်နော့ PSV တို့က (၁၆)သင်းအဆင့်ဆီ တက်လှမ်းထားပါတယ်။