ပရီးမီးယားလိဂ် ထိပ်သီးကလပ် မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ဖြစ်သူ ပပ် ဂွာဒီယိုလာက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ စီးတီး ၄-၁ ဗီလာ ပွဲစဉ်မှာ ဟက်ထရစ် သွင်းယူကာ အသင်းအတွက် နိုင်ပွဲ ရယူပေးခဲ့တဲ့ ဖီးလ် ဖိုဒန်ဟာ သွင်းဂိုးတွေ သွင်းယူဖို့ မွေးဖွားလာသူ ဖြစ်ကြောင်း ပွဲပြီးအင်တာဗျူးမှာ တခုတ်တရ ချီးကျူးသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ချန်ပီယံလုဘက် အာဆင်နယ်နဲ့ ဂိုးမရှိ သရေကျကာ အမှတ်လျှော့ခဲ့တာကြောင့် ချန်ပီယံဆုကို အမှားခံလို့ မရတော့တဲ့ မန်ချက်စတာ စီးတီးက ယနေ့မနက် အစောပိုင်းမှာ ချန်ပီယံလိဂ်ဝင်ခွင့် အတွက် အမှတ်တွေ လိုအပ်နေတဲ့ အက်စ်တွန်ဗီလာကို အိမ်ကွင်း အီတီဟတ်မှာ ဧည့်ခံ ကစားခဲ့ရပါတယ်။

Photo Credit: 90 Min

မန်ချက်စတာ စီးတီးက အက်စ်တွန်ဗီလာနဲ့ ပွဲကျပ် တပွဲ ကစားခဲ့ရပေမယ့် စီးတီးနည်းပြချုပ် ဂွာဒီယိုလာက အသင်းရဲ့ အဓိက ဂိုးသွင်းစက် ဟာလန်းနဲ့ ကွင်းလယ်ဖန်တီးရှင် ဒီဘရိုင်းတို့ကို အရန်ခုံမှာသာ ထားခဲ့ပြီး အယ်လ်ဗာရက်ဇ်ကို အထောင်ထားကာ သူ့ရဲ့ အနောက်မှာ ဖိုဒန်နဲ့ ဘာနာဒို ဆေးလ်ဗားတို့ကို ဝန်းရံခိုင်းရင်း တောင်ပံနှစ်ဖက်မှာ ဂရီးလစ်ရှ်နဲ့ ဒိုကူတို့ကို နေရာချ ကစားစေခဲ့ပါတယ်။

ဂွာဒီယိုလာရဲ့ ပုံမှန်နဲ့မတူတဲ့ နည်းစနစ်အပြောင်းအလဲက ဒီနေ့ပွဲမှာ ကောင်းကောင်း အလုပ်ဖြစ်ခဲ့ပြီး မန်ချက်စတာ စီးတီးဟာ ဧည့်သည် ဗီလာကို ပွဲစပွဲဆုံး ဖိအားပေး ကစားနိုင်ခဲ့သလို မန်ချက်စတာ စီးတီး အတွက် သွင်းဂိုးတွေကို ပွဲချိန် ၁၁မိနစ်မှာ ရိုဒရီနဲ့ ပွဲချိန် ၄၅+၁မိနစ် ၊ ၆၂မိနစ်နဲ့ ၆၉မိနစ်တွေမှာ ဖိုဒန်တို့က အသီးသီး သွင်းယူပေးခဲ့ကြကာ ဧည့်သည် ဗီလာအတွက် သိက္ခာဆယ် ချေပဂိုးကိုတော့ ပွဲချိန် ၂၀မိနစ်မှာ တိုက်စစ်မှူး ဒူရမ်က သွင်းယူပေးခဲ့တာပါ။

Photo Credit: Sky Sports

မန်ချက်စတာ စီးတီး ၄-၁ ဗီလာ ပွဲစဉ်မှာ ဖိုဒန်က အထူး ခြေစွမ်းပြ ကစားသွားခဲ့ပြီး ဖိုဒန်ဟာ စီးတီးအတွက် အနိုင် ၃မှတ် သေချာစေမယ့် အနိုင်ဂိုး ၃ဂိုးစလုံးကို သွင်းယူပေးခဲ့တာ ဖြစ်ကာ ဂွာဒီယိုလာကတော့ ဖိုဒန်ရဲ့ သွေးကြောထဲမှာ သွင်းဂိုးတွေ စီးဆင်းနေတယ်လို့ တင်စား ချီးကျူးခဲ့ပါတယ်။

ဂွာဒီယိုလာက – “ဖီးလ်က (ဖိုဒန်) အလယ်ကြောမှာ ကစားခွင့် ရတိုင်း သွင်းဂိုးတွေကို အနံ့ခံနိုင်စွမ်း ရှိပါတယ်။ ကစားကွက်ရဲ့ အလယ်ဗဟိုမှာ ကစားခွင့်ရတိုင်း သူက သွင်းဂိုးတွေနဲ့ ဂိုးဖန်တီးမှုတွေ ရလေ့ ရှိပါတယ်။ ဖိုဒန်က သူ လုပ်ချင်သမျှ အရာအားလုံးကို လုပ်ဆောင်နိုင်စွမ်း ရှိသူပါ။ သူက ထိပ်တန်း ကစားသမား တယောက်လို့ ထင်ပါတယ်။ သူက ဝေဖန်မှုတွေကိုလည်း လက်ခံတတ်ပါတယ်။ ဒါပေမယ့် သူက ဒီထက် ပိုပြီး တိုးတက်လာအောင် အာရုံစိုက်ရမယ့် အချက်တချို့ ရှိပါသေးတယ်။ တခါတလေဆိုရင် သူ့ရဲ့ ခံစစ်ကို ဘယ်လိုကစားရမလဲ ဆိုပြီး တွေးနေမှုက သူ့အတွက် အနှောင့်အယှက် တခု ဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် ဖီးလ်က ပါရမီရှင်ပါ။ သူက အလယ်ဗဟိုမှာ ကစားခွင့် ရတိုင်း ထူးခြားတဲ့ အရည်အသွေးတွေကို ပြသနိုင်ပါတယ်။ သူ့ရဲ့ သွေးကြောထဲမှာ သွင်းဂိုးတွေ စီးဆင်းနေတာပါ။ ကျွန်တော်တို့က သူ့ကို ကောင်းကောင်း သုံးဖို့ပဲ လိုပါတယ်” ဆိုပြီး ဖိုဒန်ကို တခုတ်တရ ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။