ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ပပ် ဂွာဒီယိုလာက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ပထမအကျော့ ပွဲစဉ်မှာ ပြိုင်ဘက် ကိုပင်ဟေဂင်ကို အဝေးကွင်းမှာ ၁-၃ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရခဲ့ပေမယ့် အဓိက ကစားသမား နှစ်ဦး ဖြစ်တဲ့ ဂရီးလစ်ရှ်နဲ့ ဘာနာဒို ဆေးလ်ဗားတို့ ဒဏ်ရာရသွားတာကြောင့် နိုင်ပွဲ ရခဲ့ပေမယ့် မပျော်နိုင်ခဲ့ပါဘူး။

မန်ချက်စတာ စီးတီးက လက်ရှိ ကမ္ဘာ့အကောင်းဆုံးအသင်း အဖြစ် သတ်မှတ်ခံထားရသလို ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဖြစ်နေတဲ့ အသင်း ဖြစ်ပြီး ယနေ့မနက်ပိုင်းမှာလည်း မန်ချက်စတာ စီးတီးက သူတို့ရဲ့ ချန်ပီယံခြေစွမ်းကို ကောင်းကောင်းကြီး ပြသသွားခဲ့ပါတယ်။

Photo Credit: Sky Sports

မန်ချက်စတာ စီးတီးက ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ၁၆သင်း ရှုံးထွက်အဆင့်မှာ မြို့ခံပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ကို အုပ်စုအဆင့်မှာ ဖြုတ်ချခဲ့တဲ့ ကိုပင်ဟေဂင်နဲ့ တွေ့ဆုံခဲ့ပြီး ယနေ့မနက်မှာတော့ ကိုပင်ဟေဂင်နဲ့ မန်ချက်စတာ စီးတီးတို့က ပထမအကျော့ပွဲ အဖြစ် ဒိန်းမတ်မြေမှာ ယှဉ်ပြိုင် ကစားခဲ့ကြပါတယ်။

ကိုပင်ဟေဂင်နဲ့ မန်ချက်စတာ စီးတီးတို့ ပွဲစဉ်မှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင် ထုတ်သုံးကာ အနိုင်ရလဒ် ရရှိရေး အတွက် ဦးတည် ယှဉ်ပြိုင်ခဲ့ကြပြီး မန်ချက်စတာ စီးတီးက ကိုပင်ဟေဂင်ကို ပွဲစပွဲဆုံး ဖိအားပေး ကစားကာ ဒီဘရိုင်း ၊ ဘာနာဒို ဆေးလ်ဗားနဲ့ ဖိုဒန်တို့ရဲ့ သွင်းဂိုးတွေကြောင့် ဂိုးပြတ်နိုင်ပွဲ တပွဲ ရရှိခဲ့ပါတယ်။

Photo Credit: Sky Sports

မန်ချက်စတာ စီးတီးက အဝေးကွင်းမှာ ကိုပင်ဟေဂင်ကို ဂိုးပြတ်နိုင်ခဲ့တာကြောင့် ကွာတားဖိုင်နယ်ဆီ တက်နိုင်ဖို့ ၉၉ရာခိုင်နှုန်း သေချာသွားခဲ့ပေမယ့် သူတို့ရဲ့ အဓိက တောင်ပံတိုက်စစ် ကစားသမားတွေ ဖြစ်ကြတဲ့ ဂရီးလစ်ရှ်နဲ့ ဘာနာဒို ဆေးလ်ဗားတို့က ဒဏ်ရာတွေ အသီးသီး ရရှိခဲ့ပါတယ်။

ဂရီးလစ်ရှ်နဲ့ ဘာနာဒို ဆေးလ်ဗားတို့ရဲ့ ဒဏ်ရာအခြေအနေတွေနဲ့ ပတ်သတ်ပြီး ဂွာဒီယိုလာက – “ဗာဒီယိုက ခြေကျင်းဝတ်အရွတ်ဒဏ်ရာကြောင့် ၂ပတ် ၊ ၃ပတ်လောက် အနားယူရတော့မှာပါ။ ဘာနာဒိုကလည်း ခြေကျင်းဝတ်မှာပဲ ကြီးမားတဲ့ ထိခိုက်မှု တခု ရခဲ့ပါတယ်။ ဂျက် ဂရီးလစ်ရှ်ရဲ့ ဒဏ်ရာကတော့ ကြွက်သားဒဏ်ရာ ဖြစ်မယ် ထင်ပါတယ်” လို့ ပွဲပြီးအင်တာဗျူးမှာ မရွှင်မလန်းနဲ့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။