မန်ချက်စတာ စီးတီးအသင်းရဲ့ နောက်ခံကစားသမား မာနူရယ် အကန်ဂျီက သူတို့အသင်းအတွက်တော့ အကောင်းဆုံးသော ခေါ်ယူမှုတစ်ခု ဖြစ်လာရတယ်လို့ မန်စီးတီးနည်းပြ ပက်ပ် ဂွာဒီယိုလာက မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

အသက် (၂၈)နှစ်အရွယ် ဆွစ်ဇာလန် လက်ရွေးစင် နောက်ခံကစားသမား အကန်ဂျီဟာ ပြီးခဲ့တဲ့ ၂၀၂၂ နွေဈေးကွက်ကမှ ဒေါ့မွန်ကနေ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့ကြေး ပေါင် (၁၅)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အခုဆိုရင် အကန်ဂျီက စီးတီးအတွက် (၆၃)ပွဲအထိတောင် ကစားထားခဲ့ပြီ ဖြစ်ပါတယ်။

Photo Credit : Sky Sports

ဘေဆယ်လ် ဒေါ့မွန်တို့မှာ ကစားသမားဘဝကို သိပ်မထင်မရှားနဲ့ ကျင်လည်ခဲ့တဲ့ အကန်ဂျီဟာ ကစားသမားကောင်းတွေ နှစ်သင်းစာလောက် ပိုင်ဆိုင်ထားတဲ့ မန်စီးတီးအသင်းမှာ ပွဲကစားခွင့်တွေ မထင်ထားအောင် ရရှိခဲ့ပြီး အကန်ဂျီကလည်း သူကစားခွင့် ရတိုင်းမှာ အသင်းအတွက် အကျိုးပြုအောင် ကစားနိုင်ခဲ့ပါတယ်။

ဒီလို အသင်းအတွက် အသုံးတည်တဲ့ ကစားသမား အကန်ဂျီနဲ့ ပတ်သက်ပြီး နည်းပြ ဂွာဒီယိုလာက “အကန်ဂျီက ကျွန်တော်တို့အသင်းအတွက် တကယ့် ခေါ်ယူမှုကောင်းတစ်ခု ဖြစ်ခဲ့ရတယ်။ သူက full-back လည်း ကစားနိုင်တယ်။ ဗဟိုခံစစ် နဲ့ ကွင်းလယ်ဗဟိုရော holding midfielder နေရာတွေပါ ကစားနိုင်တယ်။”

Photo Credit : Fabrizio Romano

“Final third နေရာဆီ သူ ရောက်နေပြီဆိုရင်လည်း သူက ဘောလုံး ပေးပို့မှုတွေလည်း အကောင်းဆုံး လုပ်ဆောင်နိုင်တယ်။ ကစားပုံက မြန်ဆန်ပြီး သန်မာတယ်။ ဘယ်ဂီရီစတိန်း ကျွန်တော်တို့အတွက် ခေါ်ယူပေးခဲ့တဲ့ ကစားသမားတွေထဲ သူက အကောင်းဆုံး ခေါ်ယူမှုပါပဲ။” လို့ ပြောဆိုသွားခဲ့ပါတယ်။

ဆွစ်နောက်ခံလူ အကန်ဂျီဟာ ဒီနှစ်ဘောလုံးရာသီထဲ မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ (၁၆)ပွဲအထိ ပါဝင်ကစားပေးထားခဲ့ပြီး ချယ်လ်ဆီး လီဗာပူးလ်တို့ ပွဲစဉ်တွေထဲ ကွင်းလယ်ခံစစ် နေရာမှာ ကစားခဲ့သလို အာဆင်နယ်နဲ့ ကွန်မြူနတီဒိုင်းပွဲမှာလည်း ဘယ်နောက်ခံလူအဖြစ် ကစားခဲ့ပါသေးတယ်။