ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ဖြစ်သူ ပပ် ဂွာဒီယိုလာက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာဒါဘီမှာ အသင်းအတွက် အရေးပါတဲ့ ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေကို သွင်းယူပေးခဲ့တဲ့ တောင်ပံတိုက်စစ် ကစားသမား ဖီးလ် ဖိုဒန်ဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ကြောင်း ပွဲပြီးအင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဂွာဒီယိုလာ ဦးဆောင်နေတဲ့ မန်ချက်စတာ စီးတီးက ယမန်နေ့ညမှာ ပရီးမီးယားလိဂ် ပွဲစဉ်(၂၇) အဖြစ် မြို့ခံပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ကို အိမ်ကွင်း အီတီဟတ်မှာ ဧည့်ခံ ကစားခဲ့ရပြီး မန်ချက်စတာ စီးတီးက ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ဖို့ အတွက် လက်ကျန်ပွဲတိုင်းမှာ အနိုင်ရလဒ်တွေ ရရှိအောင် ကစားဖို့ လိုအပ်သလို တဖက်မှာလည်း မန်ချက်စတာ ယူနိုက်တက်က ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ အတွက် လက်ကျန်ပွဲတွေမှာ ရမှတ်များများ စုဆောင်းနိုင်ဖို့ လိုနေပါတယ်။

Photo Credit: Goal

ဒါကြောင့်ပဲ နှစ်သင်းစလုံးက မန်ချက်စတာဒါဘီမှာ ပွဲကို အနိုင်ယူနိုင်မယ့် အကောင်းဆုံး လူစာရင်းတွေကို ထုတ်သုံးခဲ့ကြပြီး ဧည့်သည် မန်ချက်စတာ ယူနိုက်တက်က ပွဲချိန် ၈မိနစ်မှာပဲ အဓိက တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်ရဲ့ အဖွင့်ဂိုးနဲ့အတူ ပွဲကို စတင် ဦးဆောင်နိုင်ခဲ့ပါတယ်။

ဦးဆောင်ဂိုး ခွင့်ပြုပေးခဲ့ရပြီးနောက် မန်ချက်စတာ စီးတီးက တသင်းလုံး နီးပါး တက်ကာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်ရဖို့ ကြိုးစားခဲ့ပြီး ဖိုဒန်က စီးတီးရဲ့ တိုက်စစ်ကစားဟန်မှာ အရေးပါတဲ့ ကစားသမား ဖြစ်ခဲ့ကာ ဖိုဒန်က ပွဲချိန် ၅၆မိနစ်မှာ စီးတီးအတွက် ချေပဂိုးကို ဂိုးဧရိယာ အပြင်ဘက်ကနေ လှလှပပ ကန်သွင်းပြီး သွင်းယူပေးခဲ့သလို ပွဲချိန် ၈၀မိနစ်မှာလည်း အသင်းဖော်တွေနဲ့ အချိတ်အဆက်မိမိ ကစားရင်း အသင်းအတွက် အရေးပါတဲ့ ဦးဆောင်ဂိုးကို ထပ်မံ သွင်းယူပေးခဲ့ပါတယ်။ မန်ချက်စတာ စီးတီး အတွက် ပွဲသိမ်းအနိုင်ဂိုးကိုတော့ ပွဲချိန် ၉၁မိနစ်မှာ အဓိက တိုက်စစ်မှူး ဟာလန်းက သွင်းယူပေးခဲ့တာပါ။

Photo Credit: Sky Sports

မန်ချက်စတာ စီးတီး ၃-၁ မန်ချက်စတာ ယူနိုက်တက် ပွဲအပြီးမှာတော့ ဂွာဒီယိုလာက အသင်းအတွက် ချေပဂိုးနဲ့ အရေးပါတဲ့ ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တဲ့ ဖိုဒန်အား အထူးတလည် ချီးကျူးသွားခဲ့ပြီး ဂွာဒီယိုလာက ဖိုဒန်ဟာ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ကြောင်း ဆိုလာပါတယ်။

ဂွာဒီယိုလာက – “ဖီးလ် ဖိုဒန်က ဒီရာသီမှာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားပါပဲ။ သူက အလုပ်ကို ကြိုးစားပမ်းစား လုပ်တတ်တဲ့သူပါ။ သူက ဘယ်နေရာမှာပဲ ကစားရ ၊ ကစားရ ဘယ်တော့မှ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ကို ပြန်မေးခွန်းထုတ်တာမျိုး မလုပ်ခဲ့ပါဘူး။ အခုတော့ သူက ကျွန်တော်တို့အတွက် နိုင်ပွဲတွေ ယူပေးနေပါပြီ” လို့ ပြောကာ ဖိုဒန်ကို ချီးကျူးသွားခဲ့တာပါ။